ဝမ်းရေးမြို့နယ်တိုက်ပွဲ၌ မဟာမိတ်ပူးပေါင်းတပ်ဖွဲ့မှ ရဲဘော် ၆ ဦး ကျဆုံး
*********************************
ဇန်နဝါရီ ၂ ၊ ၂၀၂၂ ။
၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်တွင် စစ်ကောင်စီတပ်များနှင့် KNLA၊ PDF ပူးပေါင်းတပ်တို့ ကရင်ပြည်နယ်၊ ဝမ်းရေးမြို့နယ်အတွင်း၌ တိုက်ပွဲပြင်းထန်ဖြစ်ပွားခဲ့ပြီး ပူးပေါင်းတပ်ဖွဲ့မှ ရဲဘော် ၆ ဦး ကျဆုံးခဲ့သည်ဟု သိရသည်။
ကရင်အမျိုးသားအစည်းအရုံး KNU တပ်မဟာ၆နယ်မြေ၊ ဒူးပလာယာခရိုင်၊ ဝင်းရေးမြို့နယ်၊ တောင်စွန်းကျေးရွာတွင် ယမန်နေ့က တိုက်ပွဲပြင်းထန်ဖြစ်ပွားခဲ့ပြီး ယနေ့တွင်လည်း တိုက်ပွဲဆက်လက် ဖြစ်ပွားနေသည်ဟု ပူးပေါင်းစစ်ကြောင်းများထံမှ သိရသည်။
ယမန်နေ့တိုက်ပွဲနှင့် ယနေ့တိုက်ပွဲတို့အတွင်း၌ စစ်ကောင်စီတပ်က လက်နက်ကြီးပစ်ကူများကို အဆမတန်အသုံးပြုသည့်အပြင် လေကြောင်းမှလည်း ၇ ကြိမ်ထက်မနည်း လာရောက် ဗုံးကြဲ၊ ပစ်ခတ်တိုက်ခိုက်ခဲ့သည်ဟု Lion Battalion Commando – ဗျူဟာစစ်ကြောင်းက ထုတ်ပြန်ထားသည်။
ယမန်နေ့ တိုက်ပွဲတွင်Lion Battalion Commando – ဗျူဟာစစ်ကြောင်းမှ ရဲဘော်စောဘုန်းအောင်(ခ)အနဲနှင့် မဟာမိတ်ပူးပေါင်းအဖွဲ့များမှစုစုပေါင်း (၆) ဦးကျဆုံးပြီး ထိခိုက်ဒဏ်ရာ ရရှိသူများလည်း ရှိနေသည်ဟု LBC စစ်ကြောင်းက ဖော်ပြထားသည်။
ဝမ်းရေးမြို့နယ်၊ တောင်စွန်းကျေးရွာတွင် ယနေ့နံနက်အထိ တိုက်ပွဲပိုမိုပြင်းထန်လျက်ရှိပြီး ထပ်မံထိခိုက်ကျဆုံးသတင်းများအားလည်း အတည်ပြုဆဲဖြစ်သည်ဟု Lion Battalion Commando – ဗျူဟာစစ်ကြောင်းက ထုတ်ပြန်ထားသည်။
ပုံစာ – Lion Battalion Commando – ဗျူဟာစစ်ကြောင်းတပ်ဖွဲ့ဝင်များ (ပုံဟောင်း)။