ခင်သရဖီဦး
တရုတ် ရင်းနှီးမြုပ်နှံ့မှု ရေနက်ဆိပ်ကမ်း စီမံကိန်းရှိသော ကျောက်ဖြူတွင် စစ်ကောင်စီတပ်နှင့် အာရက္ခတပ်တော် AA တို့ နှစ်ဖက် အပြန်အလှန် လက်နက်ကြီးများ ပစ်ခတ်နေပြီး တိုက်ပွဲ ပြင်းထန်နေသည်ဟု သိရသည်။
ဓညဝတီ ရေတပ်စခန်းအား AA က ထိုးစစ်ဆင်တိုက်ခိုက်နေခြင်းဖြစ်ပြီး လက်ရှိအချိန်တွင်လည်း ထိုးစစ်ဆင်မှုများ ဆက်တိုက်လုပ်ဆောင်နေသည်ဟု အာရက္ခတပ်တော် AA နှင့် နီးစပ်သူ အမျိုးသား တစ်ဦးက ပြောသည်။ ” အခု အခြေအနေက တိုက်ပွဲက နေ့တိုင်းနီးပါး ရှိနေတယ်။ စကစဘက်ကလည်း အပြင်းအထန် ကာကွယ်နေတယ်။
စစ်အင်းအား ထပ်တိုးချဲ့ထားတွေလည်း အခုရက်ပိုင်း ပိုလုပ်နေတယ်။ လက်နက်ကြီးနဲ့ ရမ်းသမ်းပစ်ခတ်နေတာလည်း ရှိတယ်” ဟု ၎င်းက ဆိုသည်။ လက်ရှိတွင် စစ်ကောင်စီ၏ ဓညဝတီရေတပ်ဌာနချုပ်မှ လည်းကောင်း၊ ဂုံးချွိန်ကျေးရွာအနီးတွင် တပ်ချထားသည့် ခမရ ၅၄၃ ကလည်း လက်နက်ကြီးများဖြင့် ရမ်းသမ်းပစ်ခတ်နေသည့်အတွက် အနီးအနားကျေးရွာများမှ ဒေသခံများ ဘေးလွတ်ရာသို့ တိမ်ရှောင်နေကြရသည်။
ထို့အပြင် ကျောက်ဖြူမြို့မှ ငွေကြေးအဆင်ပြေသူများမှာ ရန်ကုန်နှင့် အခြားမြို့ကြီးများသို့ ထွက်ပြေးတိမ်းရှောင်နေကြပြီး နွမ်းပါးသည့် မိသားစုဝင် အနည်းငယ်သာ မြို့တွင် ကျန်ရှိနေသည်။ စစ်ကောင်စီကလည်း မြို့ဝင် မြို့ထွက်များအား ကန့်သတ်ထားသည်ဟု ဒေသခံများထံမှ သိရသည်။
ကျောက်ဖြူမြို့အနီး တိုက်ပွဲ ပြင်းထန်နေသည့် ကျေးရွာများဖြစ်သော ကုလာဘာ၊ ဂုံးချွန်၊ အရှေ့ မင်းတက်တောင်နှင့် သစ်ပုတ်တောင်စသည့် ကျေးရွာများမှ ဒေသခံများသည် တိုက်ပွဲဖြစ်ပွားခြင်း မရှိသေးသည့် ဘေးလွတ်ရာ ကျေးရွာများသို့ တိမ်းရှောင်နေကြရသည်ဟု သိရသည်။ ယခင်က ကျောက်ဖြူမှ နီးစပ်ရာ ကျေးရွာသို့ ထွက်ပြေးတိမ်းရှောင်သူ ၂၀၀၀၀ ခန့်သာ ရှိခဲ့ရာမှ ယခု စစ်ရှောင်ဦးရေ ၄၀၀၀၀ ခန့်အထိ ရှိလာသည်ဟု ကျောက်ဖြူဒေသခံ အသက် ၂၀ အရွယ် အမျိုးသမီး တစ်ဦးက ဆိုသည်။
ယင်းသို့ တိုက်ပွဲ မဖြစ်ပွားသည့် ကျေးရွာများသို့ ထွက်ပြေးတိမ်းရှောင်နေရခြင်းနှင့် ဝင်ငွေ အတည်တကျ ရှာဖွေရန် ခက်ခဲနေခြင်းများကြောင့် စားဝတ်နေရေး အခက်အခဲများလည်း ကြုံတွေ့နေရသည်ဟု သိရသည်။ ကျောက်ဖြူမြို့နယ်အတွင်းတွင် စစ်ကောင်စီက ခလရ (၃၄)၊ ခမရ (၅၄၃)။ ခမရ (၅၄၂)၊ အမှတ် (၃၂) ရဲတပ်ရင်းနှင့် ဓညဝတီရေတပ်ဌာနချုပ်တို့ တပ်စွဲထားသည်။
အာရက္ခတပ်တော် AA သည် ရခိုင်ပြည်နယ်တွင် သိမ်းပိုက်ရန် ကျောက်ဖြူ၊ စစ်တွေနှင့် မာန်အောင်မြို့တိုသာ ကျန်ရှိနေပြီး အဆိုပါ မြို့များအား လက်လွှတ်ဆုံးရှုံးမှု မဖြစ်စေရန် စစ်ကောင်စီမှ အပြင်းအထန် ကာကွယ်နေခြင်း ဖြစ်သည်။