ထိုင်း-မြန်မာနယ်စပ် တာ့ခ်ခရိုင်၊ ဖုပ်ဖရမြို့နယ်အတွင်းက ဖုပ်ဖရထရိုင်ငန်ကျေးရွာ အနီးတွင်ဘန်ကောက်သို့ တရားမဝင်လမ်းကြောင်းဖြင့် ခိုးဝင်လာသည့် မြန်မာနိုင်ငံသား ၄၄ ဦးအား ဖမ်းဆီးရရှိသည်ဟု Rachomnu Task Force Soldier ၏ ထုတ်ပြန်ချက်အား ထိုင်းသတင်းဌာနများ ဖော်ပြချက်အရသိရသည်။
ဘန်ကောက်သို့ ခိုးဝင်လာသည့် မြန်မာနိုင်ငံသား ၄၄ အား Rachomnu Task Force Soldier အဖွဲ့၏ တပ်ရင်း ၄၂၁ မိုကာထိုင်း စစ်ဆင်ရေးအခြေစိုက်စခန်းနှင့် ၃၆ ခြေလျင်တပ်ဖွဲ့တို့က ထိုင်း-မြန်မာနယ်စပ်ဒေသတစ်ဝိုက် တာ့ခ်ခရိုင်တွင် ကင်းလှည့်နေစဉ် ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။
ဖမ်းဆီးခံထားရသူများသည့် ဘန်ကောက်သို့ ရောက်ရှိရန် ပွဲစားများအား တစ်ဦးလျှင် ဘတ် ၂၀၀၀၀ ပေးဆောင်ခဲ့ရသည်ဟု သိရသည်။ ယင်းသို့ ဖမ်းဆီးခံထားရသူများထဲတွင် အမျိုးသား ၂၆ ဦး၊ အမျိုးသမီး ၁၀ ဦးနှင့် ကလေး ၈ ဦးတို့ ပါဝင်သည်ဟု သိရသည်။
လက်ရှိတွင် ဖမ်းမိထားသည့် မြန်မာနိုင်ငံသားများအား ထိုင်းနိုင်ငံအတွင်းသို့ တရားမဝင် ဝင်ရောက်မှုဖြင့် Rachomnu Task Force Soldier အဖွဲ့မှ စွဲချက်တင်ထားသည်ဟု အဆိုပါ သတင်းတွင် ဖော်ပြထားသည်။



