အခုလအစောပိုင်းက ရိုဟင်ဂျာဒုက္ခသည် ၄ ဦး ဘင်္ဂလားဒေ့ရှ်နိုင်ငံတောင်ပိုင်း ကော့ဘဇားနယ်စပ် အနီး ငါးဖမ်းနေချိန်မှာ အာရက္ခတပ်တော် – AA ရဲ့ဖမ်းဆီးခြင်းခံခဲ့ရပါတယ်။ အဲဒီနောက် ဘင်္ဂလားဒေ့ရှ်အိမ်စောင့်တပ်က အေအေရဲ့ ညှိနှိုင်းမှုကြောင့် တစ်ရက်အကြာမှာပဲ သူတို့ ၄ ဦးကို ကောင်းမွန်လုံခြုံစွာ ပြန်လွှတ်ပေးနိုင်ခဲ့ပါတယ်။
မိုဟာမက် ယူနွတ်စ် ဦးဆောင်နေတဲ့ ဘင်္ဂလားဒေ့ရှ်အိမ်စောင့်အစိုးရက အာရက္ခတပ်တော် – AA နဲ့ အဆက်အသွယ်ရှိတယ်လို့ နိုင်ငံခြားရေးဝန်ကြီးဌာနအကြံပေးပုဂ္ဂိုလ် တူဟစ် ဟူစိန် က ပြီးခဲ့တဲ့လမှာ သတင်းထောက်တွေကို ပြောကြားခဲ့ပါတယ်။ ဘင်္ဂလားဒေ့ရှ်နိုင်ငံနဲ့ နယ်နိမိတ်ချင်းထိစပ်နေတဲ့ ရခိုင်ပြည်နယ်ကို AA က အပြည့်အဝထိန်းချုပ်ထားနိုင်တဲ့ အတွက် နိုင်ငံအကျိုးစီးပွားအတွက် AA နဲ့ အဆက်အသွယ်ဖြတ်တောက်ဖို့မဖြစ်နိုင်ဘူးလို့ သူကပြောပါ တယ်။
AA နဲ့ ထိတွေ့ဆက်ဆံနေတဲ့ ဘင်္ဂလားဒေ့ရှ်အစိုးရအပေါ်စိတ်ပျက်မိကြောင်း နေပြည်တော်က ထုတ်ဖော်ပြော ဆိုထားပေမယ့် နယ်စပ်ဖြတ်ကျော်ဝင်ရောက်လာတဲ့ ရိုဟင်ဂျာဒုက္ခသည်တွေနဲ့ပတ်သက်ပြီး AA နဲ့ ထိတွေ့ ဆက်ဆံဖို့လိုအပ်တယ်လို့လည်း သူက ဆိုပါတယ်။ ပြီးခဲ့တဲ့ ၂၀၁၇ ခုနှစ်အတွင်း ရခိုင်ပြည်နယ်က ရွာတွေကို မြန်မာစစ်တပ်က အကြမ်းဖက် မီးရှို့တိုက်ခိုက်ခဲ့တဲ့ အတွက် ရိုဟင်ဂျာဒုက္ခသည် ၁ သန်းကျော် နယ်စပ်ဖြတ်ကျော်ပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံထဲဝင်ရောက်ခဲ့ကြပါ တယ်။
အဲဒီဒုက္ခသည်တွေကို နေရပ်ပြန်ပို့နိုင်ဖို့ ဘင်္ဂလားဒေ့ရှ်အစိုးရကကြိုးပမ်းနေပေမယ့် အခုအချိန်ထိ မအောင်မြင်သေးပါဘူး။ ရခိုင်ပြည်နယ်အတွက် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီပေးရေးစင်္ကြန်တည်ဆောက်ဖို့ ကုလသမဂ္ဂရဲ့အဆိုပြုချက်ကို ဘင်္ဂလားဒေ့ရှ်နိုင်ငံကသဘောတူတယ်လို့ တူဟစ် ဟူစိန်က ပြီးခဲ့တဲ့ ဧပြီလ ၂၈ ရက်မှာ ပြောဆိုခဲ့တာပါ။
ပြီးခဲ့တဲ့ မတ်လတုန်းက ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတာရက်စ် ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ၄ ရက်ကြာ သွားရောက်လည်ပတ်ခဲ့ပြီး အဲဒီခရီးစဉ်အတွင်း ဘင်္ဂလားဒေ့ရှ် အာဏာပိုင်တွေနဲ့ဘင်္ဂလားဒေ့ရှ် နိုင်ငံကနေတဆင့် မြန်မာနိုင်ငံကို လူသားချင်းစာနာ ထောက် ထားမှုဆိုင်ရာအကူအညီတွေ ပေးအပ်ဖို့ ဆွေးနွေးခဲ့ပါတယ်။
ဒီလိုလုပ်ဆောင်တာက ရိုဟင်ဂျာမွတ်ဆလင်မ်တွေနေရပ်ပြန်ပို့ရေးအတွက် အထောက်အကူဖြစ်စေမှာ ဖြစ်တယ်ဆိုပေမယ့် အာဏာပိုင်တွေနဲ့ မြန်မာ့ပဋိပက္ခမှာပါဝင်နေကြသူတွေရဲ့ ပူးပေါင်းဆောင်ရွက်မှုတွေ လိုအပ်တယ်လို့လည်း ကုလသမဂ္ဂအတွင်းရေးမှူးချုပ်က ဝန်ခံပြောကြားခဲ့ပါတယ်။