မြန်မာနိုင်ငံတွင် မတ်လ ၂၈ ရက်က လှုပ်ခတ်ခဲ့သည့် အင်အားပြင်းငလျင်ကြောင့် အရေးပေါ် အခြေအနေ ကြုံတွေ့နေရချိန်မှ ကူညီကယ်ဆယ်ရေးလုပ်နေသည့် မေလ ၁၆ ရက်အထိ တစ်လခွဲနီးပါးအတွင်း စစ်ကောင်စီက အပြစ်မဲ့ပြည်သူများအား လေကြောင်းမှ အကြိမ်ရေ ၄၅၀ အထိ တိုက်ခိုက်ခဲ့သည်ဟု အမျိုးသားညီညွှတ်ရေးအစိုးရ (NUG) က ထုတ်ပြန်ခဲ့သည်။
အဆိုပါကာလအတွင်း တိုင်းနှင့် ပြည်နယ် ၁၃ ခုတွင် လေကြောင်းတိုက်ခိုက်မှုကြောင့် တစ်လခွဲနီးပါးအတွင်း လူပေါင်း ၄၀၀ ကျော်သေဆုံးခဲ့ပြီး ထိခိုက်ဒဏ်ရာရရှိသူ ၇၈၀ ကျော် ရှိခဲ့သည်ဟု သိရသည်။ ထိုသို့ သေဆုံးသူများထဲတွင် အရွယ်မရောက်သေးသူ ၆၀ ဦး၊ အသက် ၁၈ နှစ်အထက်ရှိသူ ၁၃၀ ဦးနှင့် အသက်အရွယ် မခန့်မှန်းနိုင်သူ ၂၂၀ ကျော် ပါဝင်သည်ဟု NUG ၏ စာရင်းများက ဖော်ပြသည်။
ထို့အပြင် ထိခိုက်ဒဏ်ရာရရှိသူများထဲတွင် အရွယ်မရောက်သေးသူ ၁၆၀ ကျော်၊ အသက် ၁၈ နှစ်အထက် ၁၅၀ ကျော်နှင့် အသက်အရွယ် မခန့်မှန်းနိုင်သူ ၄၇၀ ကျော်ပါဝင်သည်ဟုလည်း သိရသည်။ စစ်ကောင်စီက လေကြောင်းမှ စစ်ကိုင်းတိုင်း၊ ချင်း၊ မကွေး၊ ရခိုင်၊ ပဲခူး၊ ဧရာဝတီ၊ တနင်္သာရီ၊ ကချင်၊ မန္တလေး၊ ရှမ်း၊ ကရင်နီ၊ ကရင်နှင့် မွန်ပြည်နယ်တို့ကို ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။
ထိုသို့ ဗုံးကြဲတိုက်ခိုက်မှုများထဲတွင် ငလျင်ဒဏ်အပြင်းထန်ဆုံး ခံခဲ့ရသည့် စစ်ကိုင်းတိုင်းမှာ ထိခိုက်မှု အများဆုံးဖြစ်ပြီး လေကြောင်းမှ အကြိမ်ရေ ၁၁၀ ကျော် တိုက်ခိုက်ခံခဲ့ရသည်။ လူပေါင်း ၁၃၀ ကျော်သေဆုံးကာ ၂၇၀ အထိ ထိခိုက်ဒဏ်ရာရရှိခဲ့သည်။
လေကြောင်းတိုက်ခိုက်မှုတိုင်းတွင် စစ်ကောင်စီက လူစုလူဝေးရှိသည့် စာသင်ကျောင်းများ၊ ဆေးရုံများနှင့် ဘုန်းကြီးကျောင်းများအား ပစ်မှတ်ထား၍ ဆက်တိုက်ဗုံးကြဲတိုက်ခိုက်နေခြင်းဖြစ်သည်။
ထိုသို့ စာသင်ကျောင်းများအား ဗုံးကြဲတိုက်ခိုက်နေခြင်းကြောင့် ၂၀၂၃ ဇန်နဝါရီ ၁ ရက်မှ ၂၀၂၅ မေလ ၁၂ ရက်အထိ နှစ်နှစ်ကျော်အတွင်း အထက်တွင်ဖော်ပြခဲ့သည့် ပြည်နယ်နှင့် တိုင်း ၁၃ ခု၌ လေကြောင်းတိုက်ခိုက်မှု အကြိမ်ပေါင်း ၂၆၀၀ ကျော်ပြုလုပ်ခဲ့ပြီး ပြည်သူ ၃၀၀၀ ကျော် သေဆုံးခဲ့ရသည်။
ယင်းသို့ သေဆုံးသူများထဲတွင် အရွယ်မရောက်သေးသူ ကလေးငယ် ၄၄၀ ကျော် ပါဝင်ပြီး စာသင်ကျောင်း ၂၄၀၊ ဆေးခန်း ၁၀၀ နီးပါးခန့်နှင့် ဘာသာရေး အဆောက်အအုံ ၄၃၀ ကျော် ပျက်စီးခဲ့သည်ဟု သိရသည်။