ထိုင်း-မြန်မာနယ်စပ် မြဝတီမြို့အတွင်းက ကျားဖြန့်အွန်လိုင်းငွေလိမ်ဂိုဏ်းများတွင် အလုပ်လုပ်နေသည့် ယူဂန်ဒါ နိုင်ငံသား ၂၆ ဦးအား မေလ ၁၉ ရက်တွင် ထိုင်း-မြန်မာချစ်ကြည်ရေးတံတား အမှတ် ၂ မှတဆင့် သက်ဆိုင်နိုင်ငံများသို့ လွှဲပြောင်းပေးခဲ့သည်ဟု သိရသည်။
ယူဂန်ဒါနိုင်ငံသား အမျိုးသား ၁၃ ဦးနှင့် အမျိုးသမီး ၁၃ ဦးတို့ကိုထိုင်းနိုင်ငံဘက်ခြမ်း တာဝန်ရှိသူများမှတဆင့် မူရင်းနိုင်ငံသို့ ပြန်ပို့ပေးခဲ့ခြင်းဖြစ်သည်။
အဆိုပါ ယူဂန်ဒါနိုင်ငံသားများသည် မြဝတီ- မယ်ထော်သလေး (KK Park) နယ်မြေများရှိ အွန်လိုင်းငွေလိမ်ဂိုဏ်းများတွင် လုပ်ကိုင်နေသူများ ဖြစ်သည်ဟု စစ်ကောင်စီပိုင် ကြေးမုံသတင်းစာတွင် ဖော်ပြထားသည်။
၂၀၂၅ ခုနှစ် ဇန်နဝါရီ လကုန်ပိုင်းမှ လက်ရှိအချိန်အထိ အွန်လိုင်းငွေလိမ်ဂိုဏ်းများတွင် လုပ်ကိုင်နေသည့် နိုင်ငံခြားသား ၈၄၀၀ ကျော်အား ကယ်ထုတ်ထိန်းသိမ်းပြီး သက်ဆိုင်ရာနိုင်ငံများသို့ ပို့ဆောင်ပြီးဖြစ်သည်ဟု သိရသည်။
ဆက်လက်ထိန်းသိမ်းထားသည့် ကျားဖြန့် လုပ်သား နိုင်ငံခြားသား ၆၇၀ ကျော်အား သက်ဆိုင်ရာ နိုင်ငံများသို့ လွှဲပြောင်းပေးရန် အဆင်သင့်ဖြစ်နေပြီဟုလည်း စစ်ကောင်စီပိုင် သတင်းစာတွင် ဖော်ပြထားသည်။