သူရဇော်
အလုပ်ရှင်နှင့် အလုပ်သမားကြား လုပ်ခလစာ အငြင်းပွားမှု ဖြစ်ပွားနေသည့် နိုင်ငံကျော် Adidas ဖိနပ်များ ချုပ်လုပ်သည့် စက်ရုံသို့ စစ်ကောင်စီ အလုပ်သမားဝန်ကြီးဌာန ဒုတိယဝန်ကြီး ရောက်ရှိလာပြီး အလုပ်သမားများ လုပ်ငန်းခွင်ပြန်ဝင်ရန် တိုက်တွန်းသွားခဲ့သည်ဟု ဆန္ဒပြတောင်းဆိုနေသည့် အလုပ်သမားများထံမှ သိရသည်။
“အလုပ်ပြန်လုပ်ဖို့ပဲ သူတို့ ပြောသွားတယ်။ အလုပ်သမားတွေထဲက တစ်ယောက်က ကျွန်တော်တို့ကို တိကျတဲ့ result (အဖြေ) တစ်ခု ပေးပါလို့ပြောတော့ အဲဒါ သူနဲ့ မဆိုင်ပါဘူးတဲ့၊ စက်ရုံနဲ့ ညှိပါဆိုပြီး ပြန်သွားတယ်” ဟု ဆန္ဒပြတောင်းဆိုရာတွင် ပါဝင်သည့် အမျိုးသမီးတစ်ဦးက သံလွင်ခက်ကို ပြောသည်။
အလုပ်သမားဝန်ကြီးဌာန၏ ဒုဝန်ကြီး ဦးဝင်းရှိန်သည် အလုပ်သမားများနှင့် တွေ့ဆုံချိန်တွင် တစ်ရက် လုပ်ခလစာ တိုးမြှင့်ပေးရေးနှင့်ပတ်သက်၍ တစ်စုံတရာ ပြောဆိုသွားခြင်း မရှိဟု ဆန္ဒပြတောင်းဆိုရာတွင် ပါဝင်သူများက ပြောသည်။
“တချို့ကိစ္စတွေက ချက်ချင်း ပြီးတယ်။ တချို့ကိစ္စတွေက အချိန်ယူရတယ်။ ဒါလည်း ကလေးတွေ နားလည်ထားရမယ်။ ဒါပေမယ့် အဘ ပြောချင်တာကတော့ ဥပဒေအတိုင်း ညှိ၊ ကောင်းကောင်းမွန်မွန်ပြော၊ နားလည်အောင်ပြော” ဟု ၎င်းက အလုပ်သမားများအား ပြောဆိုနေသည်ကို အဆိုပါ ရုပ်သံဖိုင်တွင်တွေ့မြင်ရသည်။
ထို့အပြင် ဆန္ဒပြ အလုပ်သမားများအား လုပ်ငန်းခွင်သို့ ပြန်ဝင်ရန်၊ အလုပ်သမား ကိုယ်စားလှယ်များမှ အလုပ်ရှင်နှင့် ညှိနှိုင်းရန်၊ လုပ်ခလစာ တောင်းဆိုသည့် လုပ်ငန်းများအား ဥပဒေနှင့် အညီ လုပ်ဆောင်ရန် အလုပ်သမားဒုဝန်ကြီးမှ ဖိအားပေးထားသည်ကို သံလွင်ခက်မှ ရရှိထားသည့် ဗီဒီယိုဖိုင် တစ်ခုတွင် တွေ့ရသည်။
“ဝန်ထမ်းတစ်ယောက်က ကျနော်တို့ အလုပ် ပြန်လုပ်မယ်။ အလုပ်လုပ်နေစဉ်အတွင်းမှာ ဘယ်သူတွေက တာဝန်ယူဖြေရှင်းပေးမလဲဆိုပြီး ထမေးတော့ သူတို့က ဘာမှ ပြောနိုင်ခြင်း မရှိပါဘူး။ အဲဒါကြောင့် ဝန်ထမ်းတွေက အလုပ်မလုပ်ဘဲ ဆက်ပြီး ဆန္ဒပြကြပါမယ်လို့ ပြောလိုက်ပါတယ်” ဟု ဒုဝန်ကြီးနှင့်အလုပ်သမားများ တွေ့ဆုံချိန် အခြေနေများကို အဆိုပါအမျိုးသမီးက ရှင်းပြသည်။
နိုင်ငံကျော် အမှတ်တံဆိပ်ဖြစ်သည့် Adidas ဖိနပ်များ ချုပ်လုပ်သော ချန်းရိဖိနပ်စက်ရုံမှ အလုပ်သမားများသည် တစ်ရက် လုပ်အားခ ၅၂၀၀ ကျပ်မှ ၁၂၀၀၀ ကျပ်အထိ တိုးမြှင့်ပေးရန် မေလ ၁၄ ရက်မှစတင်၍ တောင်းဆိုနေကြခြင်းဖြစ်သည်။
သို့သော် အလုပ်သမားကိုယ်စားလှယ် ငါးဦးနှင့် စက်ရုံဘက်မှ ခန့်အပ်ထားသည့် အလုပ်သမားကိုယ်စားလှယ်များ စုပေါင်း၍ စက်ရုံတာဝန်ရှိသူများနှင့် တွေ့ဆုံဆွေးနွေးခဲ့ရာ စက်ရုံဘက်မှ တစ်ရက်ကို ၉၀၀ ကျပ်အား ထပ်ဆောင်းထောက်ပံ့ကြေးအဖြစ် ပေးရန် သဘောတူ လက်မှတ်ရေးထိုးခဲ့သည်ဟု သိရသည်။
အဆိုပါ အလုပ်သမားကိုယ်စားလှယ်များသည် အလုပ်သမားများအား ပြောဆိုတိုင်ပင်ခြင်း မရှိဘဲ စက်ရုံနှင့် သဘောတူလက်မှတ်ထိုးလိုက်သည့် အတွက် အလုပ်သမားများ ဆက်လက် ဆန္ဒဖော်ထုတ်နေကြခြင်း ဖြစ်သည်။