အိန္ဒိယ – မြန်မာနယ်စပ် မဏိပူရ်ပြည်နယ် ချန်ဒဲလ်ခရိုင်မှာ အာသံရိုင်ဖယ်တပ်ဖွဲ့ရဲ့ ပစ်ခတ်မှုကြောင့် မြန်မာလက်နက်ကိုင် ၁၀ ဦး သေဆုံးခဲ့တယ်လို့ သိရပါတယ်။
ပြီးခဲ့တဲ့မေလ ၁၄ ရက်က ချန်ဒဲလ်ခရိုင် နယူးဆမ်တာရွာအနီးမှာ ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီး မြန်မာလက်နက်ကိုင်တပ်ဖွဲ့ဝင် ၁၀ ဦး သေဆုံးခဲ့တဲ့အပြင် လက်နက်ခဲယမ်းတွေ သိမ်းဆည်းရမိခဲ့တယ်လို့ အိန္ဒိယစစ်တပ်ရဲ့ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်က ဆိုပါတယ်။
ကြာသပတေးနေ့က ထုတ်ပြန်ခဲ့တဲ့ အိန္ဒိယစစ်တပ်ရဲ့ ထုတ်ပြန်ချက်ထဲမှာတော့ ချန်ဒဲလ်ခရိုင် နယူးဆမ်တာရွာအနီးက လက်နက်ကိုင်တွေရဲ့ အခြေအနေကို ထောက်လှမ်းစုံစမ်းဖို့ အာသံရိုင်ဖယ်တပ်ဖွဲ့ဝင်တွေက ဗုဒ္ဓဟူးနေ့မှာ စစ်ဆင်ရေး တစ်ရပ် ဆောင်ရွက်ခဲ့ပါတယ်။
အဲဒီစစ်ဆင်ရေးအတွင်း သံသယရှိသူတွေရဲ့ ပစ်ခတ်ခြင်းခံရပြီးနောက် အာသံရိုင်ဖယ်တပ်က ပြန်ပြီး ပစ်ခတ်ရာမှာ ပြောက်ကျားဝတ်စုံ ဝတ်ဆင်ထားတဲ့ မြန်မာလက်နက်ကိုင် ၁၀ ဦး သေဆုံးခဲ့တယ်လို့ ဆိုထားပါတယ်။
သေဆုံးသူ ၁၀ ဦးဟာ မြန်မာနိုင်ငံသားတွေဖြစ်တာကြောင့် ရုပ်အလောင်းတွေကို မြန်မာနိုင်ငံဆီ လွှဲပြောင်းပေးခဲ့တယ်လို့ အိန္ဒိယစစ်တပ်ရဲ့ အကြီးတန်းလုံခြုံရေးအရာရှိ တစ်ဦးက ပြောပါတယ်။ သေဆုံးသွားသူတွေဟာ NUG လက်အောက်ခံတပ်ဖွဲ့ဝင်တွေဖြစ်နိုင်တယ်လို့ အိန္ဒိယသတင်းစာတွေက ရေးသားထားပါတယ်။
အိန္ဒိယစစ်တပ်ရဲ့ ပစ်ခတ်မှုကြောင့်သေဆုံးခဲ့ရသူတွေဟာ တမူးခရိုင်ပကဖတပ်ဖွဲ့ဝင်တွေဖြစ်တယ်လို့ သတင်းတွေ ထွက်ပေါ်နေပေမယ့် သီးခြားအတည်မပြုနိုင်သေးပါဘူး။
အိန္ဒိယ – မြန်မာနယ်စပ်မှာ အိန္ဒိယအစိုးရက ခြံစည်းရိုးခတ်ဖို့လုပ်ဆောင်နေပြီး မြန်မာပိုင်နက်ထဲ ကျူးကျော်ဝင်ရောက်နေတဲ့အတွက် ဆက်လက်မလုပ်ဆောင်ဖို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေက ကန့်ကွက်ခဲ့ကြပါတယ်။ အဲဒီလိုနယ်မြေအငြင်းပွားမှုတွေကြောင့် အိန္ဒိယစစ်တပ်ဘက်က အခုလိုပစ်ခတ်တာမျိုးဖြစ်နိုင်တယ်လို့ စစ်ရေးလေ့လာသူတွေက သုံးသပ်ထားကြပါတယ်။