ဘုန်းမောင်
ပြီးခဲ့တဲ့ မေလနှောင်းပိုင်းတုန်းက လှုပ်ခတ်ခဲ့တဲ့ စစ်ကိုင်းငလျင်ရဲ့ ရလဒ်က နိုင်ငံတော်အာဏာသိမ်းယူခဲ့တဲ့ စစ်ကောင်စီကို စာနာနားလည်သူအဖြစ် ပြောင်းလဲနိုင်လိမ့်မလား. . . . . . .? တဲ့။
ဒီမေးခွန်းရဲ့အဖြေကို နိုင်ငံတကာက စိတ်ဝင်စားနေကြပါတယ်။ မေးခွန်းအတွက် တစ်ခုတည်းသော အဖြေကလည်း ဆက်ပြီး စောင့်ကြည့်ရလိမ့်ဦးမယ်ဆိုတာပါပဲ။
နိုင်ငံတော်အာဏာသိမ်းယူထားတဲ့ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က စစ်ကိုင်းငလျင် လှုပ်ခတ်ပြီးနောက် နိုင်ငံတကာအကူအညီတွေ ချက်ချင်းပေးကြဖို့ မေတ္တာရပ်ခံတောင်းဆိုခဲ့ပါတယ်။ ဒါကိုကြည့်မယ်ဆိုရင် မြန်မာနိုင်ငံမှာ လှုပ်ခတ်ခဲ့တဲ့ စစ်ကိုင်းငလျင်ကြောင့် ပျက်စီးဆုံးရှုံးခဲ့တဲ့ အတိုင်းအတာက စစ်ကောင်စီ စွမ်းဆောင်ရည်ထက် ကျော်လွန်နေတယ်ဆိုတာ ထင်ရှားသိသာနေပါတယ်။
ပြီးခဲ့တဲ့ ၄ နှစ်တာကာလအတွင်း မြန်မာစစ်တပ်က မြန်မာ့လူ့ဘောင်အဖွဲ့အစည်းကို စနစ်တကျ ဖြိုခွင်းခဲ့ပြီး အရပ်သား ၆,၀၀၀ ကျော်ကို သတ်ဖြတ်ခဲ့ပါတယ်။ စစ်အာဏာသိမ်းပြီးနောက်ပိုင်း မြန်မာစစ်တပ်က (ကိုယ့်ကိုယ်ကိုယ်) နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီလို့ နာမည်ပေးခဲ့ပြီး ပြည်သူကို နည်းလမ်းအမျိုးမျိုးနဲ့ ဖိနှိပ် ချုပ်ချယ်ခဲ့ပါတယ်။ စစ်ကိုင်းငလျင်က စစ်ကောင်စီအပေါ် ပြင်းထန်တဲ့ ထိုးနှက်ချက် တစ်ခုဖြစ်ခဲ့ပြီး ပြည်သူတွေကို ဖိနှိပ်ချုပ်ချယ်မှု အရှိဆုံးသော အဖွဲ့အစည်းတွေတောင် သဘာဝတရားရဲ့ စွမ်းအားတွေကို ခံနိုင်ရည် မရှိဘူးဆိုတာကို သက်သေပြနေပါတယ်။
ငလျင်လှုပ်ခတ်ပြီးနောက်ပိုင်း နိုင်ငံတကာရဲ့ အကူအညီတွေ ရောက်လာခဲ့တယ်ဆိုပေမယ့် ပေးထားတဲ့ ကတိတွေအပေါ် စစ်ကောင်စီက ဘယ်လောက်လိုက်နာမှုရှိသလဲ. . . .? ဆိုတာကိုလည်း ဆက်ပြီး စောင့်ကြည့်ရပါလိမ့်မယ်။ လက်ရှိဖြန့်ဝေနေတဲ့ နိုင်ငံတကာအကူအညီတွေက သက်ဆိုင်သူတွေဆီ မျှတမှု ရှိရှိနဲ့ ထိထိရောက်ရောက် ရောက်ရှိဖို့ဆိုရင်တော့ စစ်ကောင်စီဟာ ရိုးသားမှုရှိဖို့ လိုအပ်ပါတယ်။ တကယ်တမ်းဆိုရင်တော့လည်း စစ်ကိုင်းငလျင်က စစ်ကောင်စီရဲ့ ရိုးသားမှုကို စမ်းသပ်နေတာဖြစ်သလို စစ်ကောင်စီအတွက် နောက်ဆုံး အားကိုးအားထားပြုစရာ ကောက်ရိုးတစ်မျှင်ဆိုရင်လည်း မမှားပါဘူး။
ငလျင်လှုပ်ခတ်ပြီး မရှေးမနှောင်းဆိုသလို မြန်မာ့အိမ်နီးချင်းနိုင်ငံတွေဖြစ်ကြတဲ့ မလေးရှား၊ စင်ကာပူ၊ ထိုင်း၊ တရုတ်နဲ့ ရုရှားနိုင်ငံအပါအဝင် နိုင်ငံတကာကကူညီကယ်ဆယ်ရေးအသင်းတွေ မြန်မာနိုင်ငံကို ရောက်ရှိလာခဲ့ပါတယ်။ ဒါပေမယ့်လည်း ငလျင်နဲ့ပတ်သက်ပြီး နိုင်ငံတကာက သတင်းရယူခွင့်တွေကို စစ်ကောင်စီက ကန့်သတ်ခဲ့ပါတယ်။ ငလျင်ဘေးကူညီဖို့ ရောက်လာခဲ့တဲ့ အိန္ဒိယနိုင်ငံသားစေတနာ့ဝန်ထမ်း ကီရန် ဗာမာ ဆိုရင်လည်း ငလျင်ကယ်ဆယ်ရေးလုပ်ငန်းတွေမှာ မြန်မာစစ်တပ်ရဲ့ ဖိနှိပ်ကန့်သတ်မှုတွေကို မခံနိုင်တော့တဲ့အတွက် မြန်မာနိုင်ငံကနေ ပြန်လည်ထွက်ခွာသွားခဲ့ပါတယ်။
မထွက်ခွာခင်မှာတော့ သူက မြန်မာစစ်တပ်ရဲ့ သေနတ်ပြောင်းဝရှေ့မှာ ကူညီကယ်ဆယ်နေရတဲ့ အခြေအနေနဲ့ အကူအညီမဲ့နေတဲ့ ပြည်သူတွေကို မကြည့်ရက်တော့သလို အပျက်အစီးပုံတွေအောက် သေဆုံးနေကြတဲ့ အလောင်းတွေကို ထားခဲ့ရတဲ့အတွက် များစွာ စိတ်မကောင်းဖြစ်ရတယ်လို့ သူရဲ့ လူမှုကွန်ရက်ကနေ မြန်မာ ပြည်သူတွေကို တောင်းပန်ခဲ့ပါတယ်။ ဒါ့အပြင် မြန်မာနိုင်ငံမှာ အခုလိုမျိုး အဆိုးရွားဆုံးဖြစ်နေတဲ့အချိန်မှာ တောင် မြန်မာစစ်တပ်ရဲ့ လူသားချင်းစာနာထောက်ထားမှုနဲ့ ကိုယ်ချင်းစာတရားအနည်းငယ်ကိုပဲ မျှော်လင့်မိတယ်လို့ သူက ဆိုပါတယ်။ ကီရန် ဗာမာ က ငလျင်ဒဏ် အထိခိုက်ဆုံးဒေသဖြစ်တဲ့ စစ်ကိုင်းဘက် သွားရောက်လိုတဲ့ ဆန္ဒရှိခဲ့ပေမယ့် အကြောင်းပြချက်မရှိဘဲ မန္တလေးမြို့မှာတင် တားဆီးခံခဲ့ရပါတယ်။ သူဟာ မြန်မာနိုင်ငံကို မတ်လ ၃၁ ရက်က ရောက်ရှိခဲ့ပြီး ဧပြီလ ၃ ရက်မှာ ပြန်သွားခဲ့ပါတယ်။
မတ်လ ၃၀ ရက် မနက်ခင်းပိုင်းမှာတော့ အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ အထူးအရေးပေါ်အစည်းအဝေး တစ်ရပ်ကို အွန်လိုင်းကနေ ကျင်းပခဲ့ပါတယ်။ အစည်းအဝေး ကျင်းပပြီးနောက်မှာတော့ ကြေညာချက် တစ်ရပ် ထုတ်ပြန်ခဲ့ပြီး အကူအညီ လိုအပ်နေသူတွေကို လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီတွေ ခွဲခြားမှုမရှိဘဲ အချိန်နဲ့ တပြေးညီ ထိထိရောက်ရောက် ပေးအပ်မယ့်အကြောင်း ပါရှိပါတယ်။
တဆက်တည်းမှာပဲ အာဆီယံလူသားချင်းစာနာမှုဆိုင်ရာညှိနှိုင်းရေးစင်တာ – AHA Center က အာဆီယံ အရေးပေါ်တုံ့ပြန်ရေးနှင့် အကဲဖြတ်အဖွဲ့ – ERAT နဲ့ အာဆီယံဘေးအန္တရာယ်အရေးပေါ်ထောက်ပံ့ပို့ဆောင်ရေး စနစ် – DELSA ကနေတဆင့် ကယ်ဆယ်ရေးပစ္စည်းတွေ စုစည်းပြင်ဆင်နေတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
မြန်မာနိုင်ငံအတွက် အကူအညီတွေ ပေးအပ်နိုင်ရေးနဲ့ မြေပြင်အခြေအနေတွေကို ကြည့်ရှုနိုင်ဖို့အတွက် နိုင်ငံခြားရေးဝန်ကြီး စေလွှတ်သွားမယ်လို့ အာဆီယံအလှည့်ကျဥက္ကဋ္ဌ မလေးရှားနိုင်ငံဝန်ကြီးချုပ်က အာဏာသိမ်းစစ်ခေါင်းဆောင်နဲ့ ဖုန်းဆက်သွယ်ပြောဆိုရာမှာ ထည့်သွင်းပြောကြားသွားခဲ့ပါတယ်။
လက်ရှိအာဏာသိမ်းယူထားတဲ့ စစ်ကောင်စီအပေါ် နိုင်ငံတကာအသိုင်းအဝိုင်းက ယုံကြည်လက်ခံမှု မရှိသေးတာကလည်း အထင်အရှားပါပဲ။ ရွေးကောက်ခံအရပ်သားအစိုးရကို ဖြုတ်ချပြီး နိုင်ငံတော်အာဏာ သိမ်းယူခဲ့တဲ့ မြန်မာစစ်တပ်ကို ငလျင်က နေ့ချင်းညချင်း ပြောင်းလဲပစ်လိုက်နိုင်လိမ့်မယ်လို့ ဘယ်သူကမျှ မယုံကြည်ကြပါဘူး။
မြန်မာနိုင်ငံမှာ လှုပ်ခတ်ခဲ့တဲ့ စစ်ကိုင်းငလျင်ကြောင့် ဖြစ်ပေါ်ခဲ့ရတဲ့ အပျက်အစီးနဲ့ အသက်ဆုံးရှုံးမှုပမာဏက ကြီးမားကျယ်ပြန့်တဲ့အတွက် စစ်ကောင်စီဖြေရှင်းနိုင်တဲ့ အတိုင်းအတာထက်ကို ကျော်လွန်နေတယ်ဆိုတာကလည်း ထင်ရှားနေပါတယ်။ စစ်ကောင်စီသာ သဘောထားကြီးခဲ့မယ်ဆိုရင်တော့ အခုကြုံနေရတဲ့ အခက်အခဲတွေကနေ နိုင်ငံရေးအသွင်ကူးပြောင်းမှုတစ်ရပ်ကို ဆောင်ရွက်နိုင်ပါသေးတယ်။ ဒါက စစ်ကောင်စီအတွက် အခွင့်အရေးတစ်ခုပါပဲ။
ပြီးခဲ့တဲ့ ၂၀၀၈ ခုနှစ်တုန်းက မြန်မာနိုင်ငံမှာ ဖြစ်ပွားခဲ့တဲ့ နာဂစ်ဆိုင်ကလုန်းမုန်တိုင်းကြောင့် လူပေါင်း ၁၈၀,၀၀၀ ကျော် သေဆုံးခဲ့ပြီး လူပေါင်းသန်းနဲ့ချီ ဒုက္ခရောက်ခဲ့ရပါတယ်။ စစ်ကောင်စီဟာ ၂၀၀၈ နာဂစ် ဆိုင်ကလုန်းမုန်တိုင်းကနေ သင်ခန်းစာတွေ ထုတ်ယူနိုင်ပါတယ်။
အဲဒီအချိန်တုန်းက မြန်မာနိုင်ငံကို အုပ်ချုပ်နေခဲ့တဲ့ စစ်အာဏာရှင်တွေဟာ အကူအညီတွေ ပေးအပ်ရာမှာ နှောင့်နှေးကြန့်ကြာနေခဲ့သလို လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ကယ်ဆယ်ရေးလုပ်ငန်းတွေအပေါ် ကန့်သတ်ချက်တွေ ချမှတ်ခဲ့တဲ့အတွက် နိုင်ငံတကာရဲ့ ပြင်းထန်တဲ့ ဝေဖန်မှုတွေကို ရင်ဆိုင်ခဲ့ရပါတယ်။
အတိတ်က ဖြစ်ရပ်ဆိုးတွေကို ပြန်ကြည့်ပြီး လက်ရှိအချိန်မှာ စစ်ကောင်စီဟာ ပြည်ပက လူသားချင်းစာနာ ထောက်ထားမှုဆိုင်ရာ အကူအညီတွေကို ကန့်သတ်မှုမရှိ ခွဲခြားမှု မရှိဘဲ ဒုက္ခသည်တွေအားလုံးဆီ ရောက်အောင် ဖြန့်ဖြူးနိုင်ဖို့ ခွင့်ပေးသင့်ပါတယ်။ ဒါမှလည်း စစ်မှန်တဲ့ ကတိကဝတ်ကို ပြသရာ ရောက်ပါလိမ့်မယ်။
အခုလတ်တလော အရေးအကြီးဆုံးကတော့ ပဋိပက္ခဖြစ်ပွားနေတဲ့ နှစ်ဖက်အဖွဲ့အစည်းတွေအားလုံးက လူသားတွေရဲ့ အသက်တွေကို ကယ်တင်နိုင်ဖို့၊ ပြန်လည်ထူထောင်ရေးလုပ်ငန်းတွေ လွယ်ကူစေဖို့နဲ့ လူသားချင်း စာနာထောက်ထားမှုဆိုင်ရာအကူအညီတွေ ချောချောမွေ့မွေ့ ပေးအပ်နိုင်ဖို့အတွက် ယာယီအပစ်အခတ် ရပ်စဲရေးကို လိုက်နာဖို့ လိုအပ်နေပါတယ်။
ဒါပေမယ့်လည်း ငလျင်ရဲ့ နောက်ဆက်တွဲအဖြစ် နယ်ပယ်ပေါင်းစုံ၊ ဘက်ပေါင်းစုံက ထွက်ပေါ်လာတဲ့ မဟုတ်မမှန် သတင်းတွေကြောင့် လူအများ စိတ်အနှောင့်အယှက်ဖြစ်ခဲ့ကြရပါတယ်။
၂၀၀၈ ခုနှစ် ဆိုင်ကလုန်းနာဂစ်မုန်တိုင်းကာလအတွင်း ကယ်ဆယ်ရေးလုပ်ငန်းတွေ စတင်ဖို့အတွက် စစ်အာဏာရှင်တွေဆီကနေ ခွင့်ပြုချက်ရဖို့ အာဆီယံနဲ့ အခြားသော အေဂျင်စီတွေအနေနဲ့ သုံးပတ်အချိန် ယူခဲ့ကြရပါတယ်။ နာဂစ်ကာလအတွင်း စစ်အာဏာရှင်တွေက ဒီ့ထက် ပိုမြန်မြန်ဆန်ဆန် ဆောင်ရွက်ခဲ့မယ်ဆိုရင် ထောင်ပေါင်းများစွာသော အသက်တွေကို ကယ်တင်နိုင်ခဲ့မှာပါ။
ဒီတစ်ကြိမ်မှာတော့ စစ်ခေါင်းဆောင်က နိုင်ငံခြားအကူအညီတွေကို ပိုပြီး မြန်မြန်ဆန်ဆန်ဆိုသလိုပဲ တံခါး ဖွင့်ပေးခဲ့ပါတယ်။ ဒီလိုလုပ်ဆောင်လိုက်ခြင်းအတွက် ဖြစ်နိုင်ခြေက စစ်ကောင်စီဟာ အရင်ကထက်ပိုပြီး အားနည်းနေပြီဖြစ်သလို နိုင်ငံတကာအလယ်မှာ အထီးကျန် အားငယ်နေရတာကြောင့်လည်း ဖြစ်နိုင်ပါတယ်။
ငလျင်လှုပ်ပြီး ၄၈ နာရီအတွင်း အာဆီယံနိုင်ငံခြားရေးဝန်ကြီးတွေက အရေးပေါ်ဆွေးနွေးမှုတွေ ပြုလုပ်ခဲ့ပြီး မြန်မာနိုင်ငံအတွက် တိကျသေချာတဲ့ အကူအညီတွေပေးဖို့ တောင်းဆိုခဲ့ကြပါတယ်။ ဒီအချိန်က အာဆီယံရဲ့ စည်းလုံးညီညွတ်မှုကို ဖော်ပြရမယ့်အချိန်ဖြစ်သလို အဖွဲ့ဝင်နိုင်ငံတစ်နိုင်ငံကို ကူညီထောက်ပံ့ရာမှာ အာဆီယံရဲ့ စည်းလုံးညီညွတ်မှုနဲ့ ကတိကဝတ်တွေ ပြသဖို့ အရေးကြီးတဲ့ အခိုက်အတန့်လည်းဖြစ်လို့နေပါတယ်။
စစ်ကောင်စီက ထာဝရ တည်မြဲနေမှာမဟုတ်တဲ့အတွက် အတိတ်က လုပ်ဆောင်ချက်တွေကို ရှောင်ကြဉ်ဖို့ အခုက ဒုတိယမြောက် အခွင့်အရေးတစ်ရပ်ပါပဲ။
ရှင်းလင်းပြတ်သားတဲ့ အချက်က မြန်မာနိုင်ငံဟာ လက်ရှိစစ်အာဏာရှင်တွေလက်ထဲ ဆက်ပြီး တည်ရှိနေမှာ မဟုတ်တော့ပါဘူး။ တိုင်းပြည်ဟောင်းကို ချန်ရစ်ပြီး တိုင်းပြည်သစ် ပြန်လည်တည်ဆောက်ဖို့နဲ့ ပိုပြီး ကောင်းမွန်တဲ့ အနာဂတ်ဆီ လမ်းညွှန်ပေးနိုင်တဲ့ ခေါင်းဆောင်အသစ်တွေကို မြန်မာပြည်သူတွေက မျှော်လင့်နေကြပါတယ်။
ဒီလိုမှမဟုတ်ဘူးဆိုရင်တော့ မြန်မာနိုင်ငံဟာ သဘာဝဘေးဒဏ်ကြောင့်သာမက အုပ်ချုပ်သူလူတန်းစားက ဖန်တီးထားတဲ့ လူလုပ်ဒုက္ခသံသရာကြီးထဲ တဝဲလည်လည်နဲ့ ပိတ်မိနေဦးမှာပါပဲ။