တရုတ်နိုင်ငံအနေဖြင့် မြန်မာစစ်တပ်အား နိုင်ငံရေးနှင့် စစ်ရေးအထောက်အပံ့များ ကာလရှည်ကြာ ပေးအပ်ခဲ့ရာတွင် တိုက်လေယာဉ်များနှင့် လေကြောင်းမှ ကြဲချသော ဗုံးများလည်း ပါဝင်သည်ဟု မြန်မာနိုင်ငံဆိုင်ရာအထူးအကြံပေးကောင်စီ SAC-M ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
၎င်းတို့ကို စစ်ကောင်စီက အရပ်သားများအပေါ် အဖျက်စွမ်းအားကြီးမားသည့် တိုက်ခိုက်မှုများ ဆက်လက်ပြုလုပ်နိုင်ရန်အတွက် အသုံးပြုခဲ့သည်ဟုလည်း ဆိုထားသည်။ ထို့အပြင် SAC-M ၏ မကြာမီထွက်ပေါ်လာမည့် စုံစမ်းစစ်ဆေးမှုတစ်ရပ်အရ တရုတ်နိုင်ငံသည် မြန်မာစစ်တပ်အား အခရာကျသော နည်းလမ်းဖြင့် ကူညီခဲ့ပြီး မြန်မာနိုင်ငံရှိ လက်နက်စက်ရုံများတွင် လေကြောင်းမှ ကြဲချသော ဗုံးများအား ပြည်တွင်း၌ပင် ထုတ်လုပ်မှုကို တည်ထောင်စေရန်နှင့် ရေရှည်တည်တန့်နိုင်စေရန် ကူညီခဲ့သည်ဟုလည်း ထုတ်ပြန်ချက်၌ ဖော်ပြထားသည်။
ထို့ကြောင့် လတ်တလောတွင် ကလေးသူငယ်များအပေါ် စစ်အုပ်စု၏ ရိုင်းစိုင်းကြမ်းကြုတ်သော တိုက်ခိုက်မှုများကို ချက်ချင်းရပ်တန့်စေရန် တရုတ်နိုင်ငံအနေဖြင့် စစ်အုပ်စုအပေါ် သြဇာအာဏာကို အသုံးပြု တားပေးပါရန် မြန်မာနိုင်ငံဆိုင်ရာအထူးအကြံပေးကောင်စီ SAC-M က တောင်းဆိုလိုက်သည်။
မေလ ၁၂ ရက်က ဒီပဲယင်းမြို့နယ်၊ အိုးထိန်းတွင်းကျေးရွာရှိ စာသင်ကျောင်းတစ်ခုကို စစ်အုပ်စု၏ တိုက်လေယာဉ်တစ်စီးက ဗုံးကြဲတိုက်ခိုက်မှုကြောင့် အနည်းဆုံး ၂၂ ဦးနှင့် ဆရာမ နှစ်ဦး သေဆုံးခဲ့ရပြီး၊ အရပ်သား ၁၀၅ ဦးအထိ ဒဏ်ရာရရှိခဲ့သည်။
ထိုစဉ်က ကျောင်းသားကျောင်းသူ ၂၀၀ ခန့် စာမေးပွဲဖြေဆိုနေကြပြီး ထပ်ဆင့်ပေါက်ကွဲဗုံး ခေါ် ပဒေသာဗုံးများ (cluster munitions) ဟု ယူဆရသော ဗုံး အနည်းဆုံး နှစ်လုံးမှာ စာသင်ခန်းများထဲသို့ ထိုးဖောက်ဝင်ရောက်ခဲ့သည်။ တိုက်ခိုက်မှုဖြစ်ပွားချိန်၌ အခင်းဖြစ်ပွားရာနေရာအနီးတွင် စစ်ရေးလှုပ်ရှားမှု တစ်စုံတရာ မရှိခဲ့ဟု အသက်ရှင်ကျန်ရစ်သူများနှင့် ဒေသခံများက အတည်ပြုပြောကြားထားသည်ကို ထုတ်ပြန်ချက်တွင် ကိုးကားဖော်ပြထားသည်။
ထိုတိုက်ခိုက်မှုများ၏ ထင်ရှားသော ဥပမာတစ်ခုအနေဖြင့် ၂၀၂၂ ခုနှစ်၊ စက်တင်ဘာလ ၁၆ ရက်က ဖြစ်ပွားခဲ့သည့် “လက်ယက်ကုန်း အစုလိုက်အပြုံလိုက်သတ်ဖြတ်မှု” ကို ဖော်ပြထားသည်။ ထိုဖြစ်စဉ်၌ စစ်အုပ်စုတပ်ဖွဲ့များက ဒီပဲယင်းမြို့နယ်ရှိ ဘုန်းကြီးကျောင်းဝင်းအတွင်းမှ စာသင်ကျောင်းတစ်ခုကို လေကြောင်းနှင့် မြေပြင်မှ ရက်စက်စွာ တိုက်ခိုက်ခဲ့သောကြောင့် ကလေးသူငယ် ခုနစ်ဦးအပါအဝင် အနည်းဆုံး လူ ၁၂ ဦး သေဆုံးခဲ့ရသည်။
အဆိုပါဖြစ်စဉ်မှာ လားရှိုးမြို့ထိန်းချုပ်ခွင့်အား စစ်အုပ်စုထံသို့ လွှဲအပ်ရန် မြန်မာအမျိုးသားဒီမိုကရက်တစ်မဟာမိတ် တပ်မတော် (MNDAA) ကို တရုတ်နိုင်ငံက မကြုံစဖူး ကြားဝင်စွက်ဖက်၍ အတင်းအကျပ် ဖိအားပေးခဲ့ပြီးနောက် တစ်လမပြည့်မီတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။ ဤလုပ်ရပ်များက တရုတ်နိုင်ငံ၏ သဘောထားကို ပိုမိုရှင်းလင်းစွာဖော်ပြနေသည်ဟုလည်း SAC-M က ထောက်ပြသည်။
တရုတ်နိုင်ငံအနေဖြင့် မိမိ၏ မဟာဗျူဟာကျအကျိုးစီးပွားများရရှိရေးအတွက် မြန်မာနိုင်ငံ၏ အချုပ်အခြာအာဏာကို ချိုးဖောက်ရန် ဝန်မလေးကြောင်းပြသခြင်းဖြစ်သည့်အပြင် ထိုအကျိုးစီးပွားများအောင်မြင်ရန်အလို့ငှာ စစ်အုပ်စုကို မိမိ၏ တဆင့်ခံ ကန်ထရိုက်ယူထားသည့် ကြေးစားတပ်ဖွဲ့သဖွယ် အသုံးချနိုင်သည့် အတိုင်းအတာအထိ ရှိနေသည်ကို ယင်းလုပ်ရပ်များက အတည်ပြုလိုက်ခြင်း ဖြစ်သည်ဟုလည်း ဖော်ပြထားသည်။
ထို့ကြောင့် SAC-M သည် တရုတ်နိုင်ငံအား ၎င်းကိုင်စွဲထားသည့် သြဇာအာဏာကို အသုံးပြုကာ ကလေးသူငယ်များအပေါ် စစ်အုပ်စု၏ လုပ်ရပ်များကို ချက်ချင်းအဆုံးသတ်ပေးရန် တောင်းဆိုခဲ့ခြင်းဖြစ်သည်။။
ထိုသို့ အဆုံးသတ်ရေးကြိုးပမ်းမှု၏ တစိတ်တပိုင်းအနေဖြင့် စစ်အုပ်စုထံသို့ တိုက်လေယာဉ်များ၊ ဂျက်တိုက်လေယာဉ်များနှင့် မောင်းသူမဲ့လေယာဉ် (ဒရုန်းများ) အပါအဝင် တိုက်ခိုက်ရေးလေယာဉ်များ၊ လေကြောင်းမှကြဲချသောဗုံးများ၊ နှစ်ဖက်သုံးကုန်ပစ္စည်းများနှင့် နည်းပညာ၊ လေယာဉ်ဆီနှင့် နိုင်ငံတွင်း လေကြောင်းမှ ကြဲချသော ဗုံးများအား ပြည်တွင်း၌ ထုတ်လုပ်ရာတွင် မရှိမဖြစ်လိုအပ်သော အခြားပစ္စည်းများနှင့် အထောက်အပံ့များ ထောက်ပံ့နေခြင်းကို တရုတ်နိုင်ငံအနေဖြင့် လုံးဝရပ်တန့်ရမည်ဟု ထုတ်ပြန်တောင်းဆိုခဲ့သည်။