ရှမ်းအရှေ့မှာ ရွှေတူးဖော်မှုကြောင့် ဒေသခံတွေ စိုးရိမ်နေကြပေမယ့် ‘ဝ’ပြည်သွေးစည်းညီညွတ်ရေးတပ်မတော် – UWSA က ရှမ်းအရှေ့မှာ တရုတ်သတ္တုတူးဖော်ရေးလုပ်ငန်းတွေကို တိုးမြှင့်လုပ်ကိုင်ခွင့်ပြုထားတဲ့အပြင် နေရာသစ်တွေ ဆက်လက်ရှာဖွေနေတယ်လို့ ထိုင်းသတင်းဌာနတွေက ဖော်ပြပါတယ်။ နမ့်ခုတ်မြစ်ထဲ အာဆင်းနစ်လို အန္တရာယ်ရှိတဲ့ ဓာတုပစ္စည်းတွေ ရှိနေတာကို တရုတ်သတ္တုတွင်းလုပ်သားတွေနဲ့ ‘ဝ’တပ်ဖွဲ့ဝင်တွေ သိထားကြပါတယ်။
ဒါပေမယ့် တူးဖော်မှုတွေက ရပ်တန့်မသွားတဲ့အပြင် ဆက်ပြီး တိုးချဲ့နေကြတယ်လို့ ဒေသခံတွေက ပြောပါတယ်။ တရုတ်ကုမ္ပဏီတွေက ဓာတုပစ္စည်းတွေ အသုံးပြုပြီး ရွှေတူးဖော်နေတဲ့အတွက် နမ့်ခုတ်မြစ်ထဲ အာဆင်းနစ်ဓာတ်တွေ ပျော်ဝင်နေပြီး ရေထုညစ်ညမ်းမှု ဖြစ်ပေါ်နေပါတယ်။
လက်ရှိမှာတော့ လူတချို့က ဓာတ်ပုံတွေ ရိုက်ပြီး လူသိရှင်ကြား မျှဝေခဲ့ကြတဲ့အတွက် တရုတ်ရွှေတူးဖော်ရေး စက်လှေတွေဟာ ပိုပြီး လျှို့ဝှက်တဲ့ နေရာတွေကို ပြောင်းရွှေ့သွားကြပါတယ်။ မကြာသေးခင်ကပဲ ကလေး သုံးယောက် ရေဆင်းချိုးရာမှာ ပြင်းထန်တဲ့ အရေပြားအဖုအပိန့်တွေ ထွက်လာတာ တွေ့ခဲ့ရပါတယ်။
ဒေသတွင်း သတ္တုတိုးမြှင့်တူးဖော်နေတဲ့အတွက် ဗမာနဲ့ ရှမ်းမိသားစုတွေ ထိခိုက်နစ်နာနေကြရပြီး ‘ဝ’ တပ်ဖွဲ့အပေါ် ဒေါသထွက်နေကြပေမယ့် ဘာမှပြန်မလုပ်နိုင်ဘူးလို့ ဒေသခံ တစ်ဦးက ပြောပါတယ်။ ရွာသားတွေ ငါးဖမ်းကြတဲ့အခါ ငါးအသေတွေ မကြာခဏ တွေ့ရပေမယ့် ဘယ်သူမှ မစားရဲဘူးလို့လည်း အဲဒီ ဒေသခံက ဆိုပါတယ်။
ဒါကြောင့်လည်း ချင်းရိုင်ခရိုင်တွင်းမှာ ရှိတဲ့ တက္ကသိုလ် ၃ ခုအနေနဲ့ ဒေသတွင်း ရေအရည်အသွေး စောင့်ကြည့်ရေးဌာနနဲ့ သင့်တော်တဲ့ ဓာတ်ခွဲခန်းတစ်ခု ဖန်တီးဖို့ အချိန်ရောက်ပြီလို့ မယ့်ဖာလုံတက္ကသိုလ် လူမှုရေးဆန်းသစ်တီထွင်မှုဌာနက ဒေါက်တာ ဆွတ်ဆကန် ကစ်နုကွန်က ပြောပါတယ်။
စစ်ဆေးရေးဌာနအများစုက ချင်းမိုင်နဲ့ဘန်ကောက်မှာပဲရှိတဲ့အတွက် စစ်ဆေးဖို့အချိန်တွေအကြာကြီးစောင့် ဆိုင်းရပြီး ဒေသခံတွေကလည်း သူတို့လယ်ယာမြေတွေ ညစ်ညမ်းမှုရှိ မရှိ သိလိုနေကြပါတယ်။ ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းပြီးနောက်ပိုင်း မြန်မာနိုင်ငံမှာ စီးပွားရေးပြိုလဲမှု၊ အုပ်ချုပ်ရေးအားနည်းမှုနဲ့ လက်နက်ကိုင်ပဋိပက္ခတွေကြောင့် ရွှေတူးဖော်မှုမြင့်တက်လာနေပါတယ်။