ကရင်နီပြည်နယ် မိုးဗြဲဒေသသို့ စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီနှင့် ပအိုဝ်းပြည့်သူစစ် PNO ပူးပေါင်းတပ်ဖွဲ့ဝင်များထဲမှ တော်လှန်ရေးတပ်ဖွဲ့ဝင်များထံသို့ ဘက်ပြောင်း ခိုလှုံလာသူ ၁၆ ဦး ရှိသည်ဟု ရှမ်းတောင်စစ်ဒေသခွဲ PDF ဗျူဟာအမှတ်(၁)ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ မှ မေလ ၁၆ ရက်က ထုတ်ပြန်လိုက်သည်။
တော်လှန်ရေးတပ်ဖွဲ့ဝင်များထံသို့ အလင်းဝင်လာသူများသည် မေလ ၆ ရက်မှ ၁၆ ရက်အထိ ၁၀ ရက်ကြာ ညောင်ရွေမြို့နယ်၊ ဖယ်ခုံမြို့နယ် အနီးက ရေပူကုန်းရွာ၊ စွန့်စွဲကျေးရွာနှင့် လွယ်လုံကျေး ရွာများသို့ အင်အား ၆၀၀ ခန့်ဖြင့် ကုန်းလမ်း၊ ရေလမ်းဖြင့် ထိုးစစ်ဆင်လာခြင်း ဖြစ်သည်။
ထိုသို့ အလင်းဝင်သာသူ စစ်ကောင်စီတပ်သား ၁၆ ဦးသည် စစ်မှုထမ်းတပ်သားသစ်အဖြစ် အတင်းအဓမ္မစု ဆောင်းခံထားရသူများဖြစ်ပြီး မေလ ၁၂ မှ၁၅ ရက်အထိ လေးရက်အတွင်း အလင်းဝင်လာသူများလည်း ဖြစ်သည်။
အလင်းဝင်လာသူထဲတွင် အများစုသည် ၂၀၂၃ ခုနှစ် အမျိုးသားညီညွတ်ရေးအစိုးရ NUG ပညာရေး စနစ်ဖြင့် အထက်တန်း အောင်မြင်ခဲ့သူများ ဖြစ်သည်ဟု အဆိုပါ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ထိုသို့ စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီပူးပေါင်းစစ်ကြောင်းအား မိုးဗြဲမြို့တွင်းစစ်ကြောင်း၊ မိုးဗြဲကုန်းသာစစ်ကြောင်းနှင့် ဖယ်ခုံ၊ညောင်ရွေမြို့နယ်စစ်ကြောင်း စသည့် စစ်ကြောင်းသုံးကြောင်းဖြင့် တော်လှန်တပ်များမှ ခုခံခဲ့သည်ဟုလည်း ထုတ်ပြန်ချက်တွင်ပါရှိသည်။
ယင်းတိုက်ပွဲ အတွင်း စစ်ကောင်စီတပ်နှင့်ပူးပေါင်းတပ်များမှ ၁၈ ဦး ကျဆုံးခဲ့ပြီး စစ်သား ၃ ဦးအား အရှင်းဖမ်းမိထားကာ တော်လှန်ရေးတပ်များဘက်မှ တစ်ဦးကျဆုံးခဲ့ပြီး ထိခိုက်ဒဏ်ရာရရှိမှုများလည်း ရှိခဲ့သည်ဟု အဆိုပါ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ထို့အပြင် MA3 သုံးလက်၊ MA1 တလက်အားလည်း သိမ်းဆည်း ရရှိခဲ့သည်ဟု ထုတ်ပြန်ချက်တွင်ပါရှိသည်။
#ThanLwinKhetNews#military