ကရင်ပြည်နယ် မြဝတီမြို့နယ်အတွင်းက ရွှေကုက္ကိုလ်၊ မယ်ထော်သလေး (KK Park) နှင့် ကျောက်ခက်နယ်မြေများတွင် ကျားဖြန့်အွန်လိုင်းငွေလိမ်ဂိုဏ်းများ၌ လုပ်ကိုင်နေသည့် အီသီယိုးပီးယားနိုင်ငံသား ၇၈ ဦး ကို ထိုင်း-မြန်မာ အမှတ် (၂) ချစ်ကြည်ရေးတံတားမှတဆင့် သက်ဆိုင်ရာနိုင်ငံများသို့ လွှဲပြောင်းပေးခဲ့သည်ဟု သိရသည်။
ယင်းအီသီယိုးပီးယားနိုင်ငံသားများအား ကရင်ပြည်နယ် လူမှုရေးရာဝန်ကြီးနှင့် တာဝန်ရှိသူများက အိန္ဒိယနိုင်ငံတွင်ရှိသည့် အီသီယိုးပီးယားနိုင်ငံသံရုံး တာဝန်ရှိသူများထံသို့ ပြည်နှင်လွှဲပြောင်း အထောက်အထားစာရွက်စာတမ်းများနှင့်အတူ လွှဲပြောင်းပေးခဲ့သည်ဟု သိရသည်။
ပြီးခဲ့သည့် မေ ၁၄ ရက်ကလည်း ကိုယ်ဝန်ဆောင် တစ်ဦးနှင့် လည်ပင်းခွဲထားသူ တစ်ဦး အပါအဝင် အီသယိုပီးယားနိုင်ငံသား ၉၀ ဦးအား သက်ဆိုင်ရာတာဝန်ရှိသူများအား လွှဲပြောင်းပေးခဲ့သည်။
ကျားဖြန့်အွန်လိုင်းငွေဂိုဏ်းများတွင် လုပ်ကိုင်နေသူများထဲတွင် အီသယိုပီးယားနိုင်ငံသား သုံးပုံ နှစ်ပုံခန့် ပါဝင်သည်ကို လွှဲပြောင်းပေးသည့် စာရင်းများအရ သိရသည်။
အဆိုပါ ကျားဖြန့်အွန်လိုင်းငွေလိမ်ဂိုဏ်းများအား စတင်နှိမ်နင်းခဲ့သည့် ဇန်နဝါရီ ၃၀ ရက်မှ မေ ၁၅ ရက်အထိ လေးလနီးပါးအတွင်း နိုင်ငံခြားသား ၈၃၀၀ ကျော်အား သက်ဆိုင်ရာနိုင်ငံများသို့ လွှဲပြောင်းပြီး ဖြစ်သည်။
ထပ်မံလွှဲပြောင်းပေးရန် ကျားဖြန့်အွန်လိုင်းငွေလိမ်ဂိုဏ်းများတွင် လုပ်ကိုင်နေသည့် နိုင်ငံခြားသား ၇၆၀ ကျော် ကျန်ရှိနေသေးသည်ဟု သိရသည်။








