ထိုင်း-မြန်မာနယ်စပ်အနီးတွင် စစ်ကောင်စီဂျက်လေယာဉ်တစ်စီးကို ယနေ့ နေ့လယ်က တွေ့ရှိသောကြောင့် ထိုင်းဘက်မှ တိုက်လေယာဉ်နှစ်စီးကို အရေးပေါ် စေလွှတ်ခဲ့သည်ဟု ထိုင်းလေတပ်က သတင်းထုတ်ပြန်သည်။
ယနေ့ နေ့လယ် ၁ နာရီမထိုးခင်က ကန်ချနဘူရီပြည်နယ်ရှိ ထိုင်း-မြန်မာ နယ်စပ်အနီးတွင် တရုတ်နိုင်ငံထုတ် မြန်မာ K-8 ဂျက်လေယာဉ်တစ်စီးကို တွေ့ရှိသောကြောင့် F-16 တိုက်လေယာဉ်နှစ်စီးကို စေလွှတ်ခဲ့သည်ဟု ထိုင်းလေတပ်က ၎င်းတို့ ဖေ့စ်ဘွတ်စာမျက်နှာမှ ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။
ယင်းနောက် ထိုင်းလေတပ်ပြောခွင့်ရပုဂ္ဂိုလ်က မြန်မာလေတပ်အနေဖြင့် ထိုင်းလေပိုင်နက်အတွင်းသို့ ကျူးကျော်ရန် ရည်ရွယ်ချက်မရှိကြောင်း ပြန်လည် ပြောဆိုခဲ့သည်ဟု ထိုင်းသတင်းဌာနများတွင် ဖော်ပြသည်။
မေလ ၆ ရက်ကလည်း စစ်ကောင်စီ တိုက်လေယာဉ် တစ်စင်း ထိုင်းလေပိုက်နက်အတွင်းသို့ နီးကပ်စွာ ပျံသန်းလာဖြင့် ထိုင်းလေတပ်က ကန်ချနဘူရီသို့ တိုက်လေယာဉ် နှစ်စီး စေလွှတ်ကာ အိမ်နီးချင်းနိုင်ငံဘက်မှ ကျူးကျော်မလာစေရန် သတိပေးခဲ့သေးသည်။
ကရင်အမျိုးသားအစည်းအရုံး KNU နှင့် ပူးပေါင်းတပ်ဖွဲ့များအနေဖြင့် ယခုရက်ပိုင်းတွင် ထိုင်းမြန်မာနယ်စပ်အနီးရှိ စစ်ကောင်စီတပ်စခန်းများကို ထိုးစစ်ဆင်တိုက်ခိုက်သိမ်းပိုက်လျက်ရှိသည်။
မေလ ၁၅ ရက်ကလည်း ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) နဲ့ ကရင်အမျိုးသားကာကွယ်ရေးအဖွဲ့အစည်း (KNDO) အပါအဝင် ပူးပေါင်းတပ်များက ဒရုန်းများ အသုံးပြုကာ စစ်တပ်စခန်းကို ဗုံးကြဲတိုက်ခိုက်မှုများ ပြုလုပ်ခဲ့သည်ဟု ထိုင်းနယ်စပ်ဒေသလုံခြုံရေးတပ်ဖွဲ့ဝင်များက ပြောဆိုထားသည်။
ထို့ကြောင့် ထိုင်းအစိုးရအနေဖြင့် ပြည်ပလက်နက်ကိုင်တပ်ဖွဲ့များမှ အချုပ်အခြာအာဏာ ကျူးကျော်မှုကို ကာကွယ်ရန်နှင့် နယ်စပ်ဒေသတစ်လျှောက်ရှိ ပြည်သူများ လုံခြုံရေးကို ၂၄ နာရီပတ်လုံး အပြည့်အဝသေချာစေရန်ဆိုကာ ထိုင်းမြန်မာနယ်စပ်တွင် စစ်သားများ ကင်းလှည့်ခြင်းကို တိုးမြှင့်ထားရန်နှင့် အရေးပေါ်အစီအစဉ်အရ အထောက်အကူပြုလက်နက်များ ချထားရန် ညွှန်ကြားထားသည်ဟုလည်း သိရသည်။