သူရဇော်
ရန်ကုန်တိုင်း၊ လှိုင်သာယာမြို့နယ်ရှိ Adidas ဖိနပ်များ ချုပ်လုပ်သည့် ချန်းရိစက်ရုံတွင် လုပ်ကိုင်နေသည့် အလုပ်သမားများမှ လုပ်အားခတိုးမြှင့်ပေးရန် တောင်းဆိုခြင်းကို စက်ရုံဘက်မှ လိုက်လျောမပေးသည့်အပြင် ခြိမ်းခြောက်မှုများ ပြုလုပ်နေသည်ဟု အလုပ်သမားများထံမှ သိရသည်။
လှိုင်သာယာမြို့နယ်၊ သမကုန်းရှိ Adidas ဖိနပ်စက်ရုံမှ အလုပ်သမား ၆၀၀၀ ကျော်သည် ကုန်ဈေးနှုန်းကြီးမြင့်ခြင်း၊ နေထိုင်စရိတ်ကြီးမြင့်လာခြင်းများကြောင့် တစ်ရက် လုပ်အားခ ၅၂၀၀ ကျပ်မှ ၁၂၀၀၀ ကျပ်အထိ တိုးမြင့်ပေးရန် ပြီးခဲ့သည့် မေ ၁၄ ရက်မှစတင်၍ ဆန္ဒပြတောင်းဆိုနေကြခြင်းဖြစ်သည်။
“အခုဆိုရင် ဆန္ဒပြတဲ့လူတွေထဲ သင်္ကြန်ပြီးမှ ဝင်လာတဲ့ လူသစ်တွေ အများကြီးပါ။ သူတို့က သုံးလ မပြည့်သေးတော့ အလုပ်ထုတ်မယ်လို့တော့ ပြောပါတယ်။ ဒါက စက်ရုံမှာ လူသစ်တွေက ပိုများပါတယ်။ လူနည်းအောင် ခြိမ်းခြောက်တဲ့ သဘောလို့ထင်ပါတယ်” ဟု အဆိုပါစက်ရုံတွင် အလုပ်လုပ်ကိုင်နေသည့် အမျိုးသမီးတစ်ဦးက ပြောသည်။
လုပ်ခလစာ တိုးမြှင့်ပေးရန် ဆန္ဒပြတောင်းဆိုထားသည့် တတိယမြောက်နေ့ (ယနေ့) တွင် အလုပ်သမား ကိုယ်စားလှယ်များနှင့်စက်ရုံတာဝန်ရှိသူများ ညှိနှိုင်းလျက်ရှိပြီး စက်ရုံဘက်မှ လက်ခံခြင်း မရှိသေးဟု ဆန္ဒပြနေသည့် အလုပ်သမားများက ပြောဆိုကြသည်။
ယမန့်နေ့ (မေ ၁၅ ရက်) တွင် လူမှုကွန်ယက်စာမျက်နှာများ၌ စက်ရုံမှ တာဝန်ရှိသူဟု ယူဆရသည့် အမျိုးသမီးတစ်ဦးသည် ဆန္ဒပြအလုပ်သမားများအား ပြောဆိုနေသည့် ရုပ်သံဖိုင် တစ်ခု ပျံ့နှံ့လာခဲ့သည်။
အဆိုပါ ရုပ်သံဖိုင်တွင် “ဒီနေ့ကနေစပြီးတော့ စက်ရုံပစ္စည်း ဆုံးရှုံးအောင် လုပ်တာတွေ၊ ဖိအားပေးတာတွေ ဒါမျိုးဆိုရင်တော့ သက်ဆိုင်ရာ ဥပဒေအတိုင်းပဲ ဆက်သွားမယ်။ လုပ်ငန်းခွင် ဝင်ချင်တဲ့သူရှိရင် လုပ်ငန်းခွင် ပြန်ဝင်နိုင်ပါတယ်။ လုပ်ငန်းခွင် ပြန်ဝင်ချင်တဲ့သူ မရှိဘူးဆိုရင် ဒီကနေ့ကနေစပြီးတော့ အလုပ်ကို ခွင့်မဲ့ပျက်တာလို့ မှတ်ယူပါမယ်” ဟု စက်ရုံနှင့်အလုပ်သမားများကြား ဝင်ရောက်ညှိနှိုင်းပေးသော ဒေါ်စန္ဒီမောင်မောင်က ပြောထားသည်။
“ခြိမ်းခြောက်တာက ပုံမှန်က ညီမတို့ကို မနေ့ကစပီး အလုပ် မလုပ်လို့ ခွင့်မဲ့ ပေးမယ်ပေါ့။ ဒီနေ့လည်း ခွင့်မဲ့ပေးမယ်။ မနက်ဖြန် ၃ ရက်မြောက် ခွင့်မဲ့ပေးရင် ညီမတို့ ဝန်ထမ်းတွေဘက်က ဝမ်နင် (သတိပေးလက်မှတ်) ထိုးပေးရမှာပါ။ ခွင့်မဲ့ ၄ ရက်မြောက်ဆို ညီမတို့က အလုပ်က အော်တိုပြုတ်တာပါ” ဟု ဆန္ဒပြရာတွင်ပါဝင်သည့် အမျိုးသမီးတစ်ဦးက ပြောသည်။
ပြီးခဲ့သည့် ၂၀၂၄ ခုနှစ်မှစ၍ အလုပ်သမားများအား လုပ်ခလစာတိုးပေးခြင်း မရှိသောကြောင့် ယခုကဲ့သို့ ဆန္ဒပြတောင်းဆိုရခြင်းဖြစ်သည်ဟု အဆိုပါ အမျိုးသမီးက ပြောသည်။
စစ်ကောင်စီ အာဏာသိမ်းပြီးနောက်ပိုင်းတွင် ကုန်ဈေးနှုန်းကြီးမြင့်ခြင်း၊ ကျပ်ငွေတန်ဖိုးကျဆင်းခြင်းများကြောင့် လက်ရှိ ရရှိသည့် တစ်ရက် လုပ်ခလစာနှင့် နေ့စဉ် စားဝတ်နေရေးလုံလောက်မှုမရှိခြင်းများ ကြုံတွေ့နေရသည်ဟု အလုပ်သမားများက ဆိုသည်။