ခင်သရဖီဦး
ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့အား စစ်ကောင်စီက နှစ်ရက်ဆက်တိုက် လေကြောင်းမှ ဗုံးကြဲ တိုက်ခိုက်ခဲ့သည့်အတွက် ကျောက်တော်မြို့ခံများသည် လေကြောင်းအန္တရာယ် ထိခိုက်မှု မရှိစေရန် ဘေးလွတ်ရာ နေရာများသို့ ရွေ့ပြောင်းနေထိုင်နေကြသည်ဟု သိရသည်။
ကျောက်တော်မြို့အား စစ်ကောင်စီက မေလ ၁၄ ရက်တွင် ဂျက် ဖိုက်တာ တစ်စီးဖြင့် ဗုံး နှစ်ကြိမ် ကြဲချခဲ့ပြီး အမျိုးသမီး သုံးဦးသေဆုံးကာ ငါးဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်။
နောက်တစ်ရက် မေလ ၁၅ တွင်လည်း ဂျက်ဖိုက်တာ နှစ်စီးဖြင့် ပေါင် ၅၀၀ ဗုံး အပါအဝင် ကလက်စတာဟု ယူဆရသော ဗုံးများဖြင့် သုံးကြိမ် ဗုံးကြဲတိုက်ခိုက်ခဲ့သည့်အတွက် ဒေသခံ ခုနစ်ဦး သေဆုံးပြီး ကိုးဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်။
လက်ရှိတွင် ဒေသခံများမှာ ကျောက်တော်မြို့တွင် မနေရဲတော့ဘဲ လေယာဉ် ထပ်လာကြဲမည်ကို စိုးရိမ်သည့်အတွက် တခြားဘေးလွတ်ရာ နေရာများသို့ ရွှေ့ပြောင်းခြင်းများရှိနေသည်ဟု ရှမ်းရွာ ရပ်ကွက်မှ ဦးမောင်မောင်အေးက ပြောသည်။
”ကျနော်တို့ အခု ဆွေးမျိုးတွေ ရှိတဲ့ ရွာမှာ ကလေးတွေကို ပို့ဖို့ သွားနေတာပါ။ ကျောက်တော်မှာက ဘယ်လိုမှ မနေရဲတော့ဘူး။ ဒီဖက်ဆစ်စစ်တပ်က နေ့တိုင်းလိုလို ကျနော်တို့ကို လာသတ်နေတာ” ဟု ၎င်းက ပြောသည်။
လက်ရှိတွင် ကျောက်တော်မြို့တွင် နေထိုင်သည့် လူဦးရေ၏ ၁၀ ပုံ တစ်ပုံခန့် ရွှေ့ပြောင်းသွားခြင်းကြောင့် အသွားအလာ တိတ်ဆိတ်နေပြီး အရောင်းအဝယ်များလည်း မရှိသည့်အတွက် အခက်အခဲများရှိနေသည်ဟု ကျောက်တော်မြို့ခံ အမျိုးသမီးတစ်ဦးက ဆိုသည်။
“ကျမတို့ကတော့ လောလောဆယ် မြို့ထဲမှာပဲ ရှိပါသေးတယ်။ စစ်မရှောင်ဖြစ်ပါဘူး။ သွားလာဖို့အတွက်လည်း နေရာက မရှိတော့လေ။ အခုက ဆိုင်တွေကလည်း တစ်ဆိုင်မှ မဖွင့်ဘူး။ ဈေးတွေကလည်း ပိတ်ထားပါတယ်။ ဆိုတော့ စားရေးသောက်ရေးပိုင်းမှာ အခက်အခဲ ရှိနေကြတယ်” ဟု ကျောက်တော်မြို့အခြေအနေအား ၎င်းက ဆိုသည်။
ကျောက်တော်မြို့နယ်တွင် အိမ်ခြေ ငါးသောင်းခန့်ရှိပြီး လူဦးရေ ၂၇၀၀၀၀ နီးပါးခန့် နေထိုင်သည်ဟု ၂၀၂၃ ခုနှစ်က ထုတ်ပြန်ထားသည့် ရခိုင်ပြည်နယ် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန စာရင်းများအရ သိရသည်။
စစ်ကောင်စီသည် မြန်မာနိုင်ငံတစ်ဝှမ်းလုံးတွင် လေကြောင်းမှ နေ့စဉ်ပစ်ခတ်မှုများ ရှိနေသကဲ့သို့ ရခိုင်တွင်လည်း အာရက္ခတပ်တော် သိမ်းပိုက်ထားသည့် မြို့နယ်များအား ဗုံးကြဲတိုက်ခိုက်မှု များ လုပ်ဆောင်လျက်ရှိသည်။