စစ်ကောင်စီနဲ့ ‘ဝ’ပြည်သွေးစည်းညီညွတ်ရေးတပ်မတော် – UWSA ထိန်းချုပ်ဒေသ မိုင်းဆတ်မြို့ တောင်ဘက် မိုင်းယွန်းဒေသမှာ မြေရှားသတ္တု တူးဖော်နေတယ်လို့ ကောင်းကင်ဂြိုဟ်တုဓာတ်ပုံတွေအရ မြင်တွေ့ရကြောင်း ရှမ်းလူ့အခွင့်အရေးမဏ္ဍိုင် – SHRF က မနေ့က ထုတ်ပြန်ခဲ့ပါတယ်။
ကောင်းကင်ဂြိုဟ်တုဓာတ်ပုံတွေအရ ချင်းမိုင်ခရိုင် မယ်အိုင်းဒေသနဲ့ မျက်နှာချင်းဆိုင် ထိုင်းနယ်စပ် မြောက်ပိုင်းကနေ ၁၅ မိုင်ကျော်ကျော်သာ ကွာဝေးတဲ့ မိုင်းယွန်းဒေသမှာ မြေရှားသတ္တုတွင်း နှစ်တွင်းရဲ့ ပုံရိပ်တွေကို ထင်ရှားပြတ်သားစွာ မြင်တွေ့ခဲ့ရတယ်လို့လည်း SHRF ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
အဲဒီမြေရှားသတ္တုတွင်းတွေက စွန့်ပစ်ပစ္စည်းတွေဟာ နမ့်ခုတ်မြစ်ထဲ စီးဝင်နေတဲ့ ရေအရင်းအမြစ်တွေကို ညစ်ညမ်းစေပြီး မြစ်အောက်ပိုင်းနေထိုင်တဲ့ နယ်စပ်နှစ်ဖက်စလုံးက ဒေသခံပြည်သူ ၁ သန်းကျော်ရဲ့ ကျန်းမာရေးအပေါ် ဆိုးဆိုးရွားရွား ထိခိုက်လာမှာကိုလည်း စိုးရိမ်နေကြတယ်လို့ ဆိုပါတယ်။
မြေရှားသတ္တုတွင်း နှစ်တွင်းအနက်က နမ့်ခုတ်မြစ် အရှေ့ဘက်ကနေ နှစ်မိုင်ကျော်ကျော် ဝေးတဲ့ မြေရှား သတ္တုတွင်းကို ၂၀၂၃ နှစ်လယ်ပိုင်းမှာ စတင်ခဲ့ပြီး နမ့်ခုတ်မြစ်ကနေ တစ်မိုင်ကျော်ကျော်သာ ဝေးတဲ့ မြေရှား သတ္တုတွင်းကိုတော့ ၂၀၂၄ ခုနှစ် နှစ်လယ်ပိုင်းမှာ စတင်ခဲ့ပါတယ်။
ကချင်ပြည်နယ်မှာ လုပ်ကိုင်နေကြတဲ့ မြေရှားသတ္တုတူးဖော်ရေးလုပ်ငန်းတွေကြောင့် သဘာဝပတ်ဝန်းကျင်ကို ဆိုးဆိုးရွားရွား ထိခိုက်စေတဲ့အပြင် မြေရှားသတ္တုတွင်းအနီးဝန်းကျင်မှာ နေထိုင်ကြတဲ့ ဒေသခံတွေရဲ့ ကျန်းမာရေးထိခိုက်မှုတွေကို စနစ်တကျ မှတ်တမ်းတင် ထုတ်ပြန်ထားပြီးဖြစ်ပါတယ်။
မိုင်းယွန်းဒေသက မြေရှားသတ္တုတွင်းတွေဟာ နမ့်ခုတ်မြစ်ထဲ အဆိပ်စွန့်ထုတ်ပြီးဖြစ်တဲ့အပြင် ရွှေတွင်းတွေကြောင့်လည်း နဂိုရှိနှင့်ပြီးသား ညစ်ညမ်းမှုတွေထက် ပိုပြီး ဆိုးရွာလာနိုင်ပါတယ်။
ဒါ့အပြင် ရှမ်းပြည်နယ်တောင်ပိုင်းနဲ့ ထိုင်းနိုင်ငံမြောက်ပိုင်းက နမ့်ခုတ်မြစ်တလျှောက် နေထိုင်ကြတဲ့ ဒေသခံတွေရဲ့ကျန်းမာရေးကိုလည်း ခြိမ်းခြောက်နေပါတယ်။
နမ့်ခုတ်မြစ်ဟာ ထိုင်းနိုင်ငံမှာ ချင်းမိုင်ခရိုင်၊ မယ်အိုင်းမြို့နယ်၊ တာတွန်းရွာကနေတဆင့် ချင်းရိုင်ခရိုင်ထဲ ဖြတ်သန်းစီးဝင်ပြီး ချင်းဆန်မြို့နယ်မှာ မဲခေါင်မြစ်ထဲ စီးဝင်သွားပါတယ်။
မြေရှားသတ္တုတွင်းတွေ တည်ရှိရာ မိုင်းယွန်းဒေသဟာ စစ်ကောင်စီနဲ့ UWSA တို့ ပူးပေါင်းထိန်းချုပ်ထားတဲ့ ဒေသ ဖြစ်ပါတယ်။
ဒါကြောင့်လည်း မြေရှားသတ္တုတူးဖော်မှုကြောင့် ဖြစ်ပေါ်လာနိုင်တဲ့ နယ်စပ်ဖြတ်ကျော်သက်ရောက်မှုတွေကို နှစ်နိုင်ငံ တာဝန်ရှိသူတွေက အမြန်ဆုံး စုံစမ်းဖို့ လိုအပ်နေသလို သတ္တုတူးဖော်မှုနဲ့ ပတ်သက်တဲ့ အချက် အလက်တွေ အားလုံးကိုလည်း အများပြည်သူ သိရှိအောင် ထုတ်ဖော်ပြသဖို့ လိုအပ်တယ်လို့ SHRF က ထုတ်ပြန်ထားပါတယ်။






