ကရင်နီပြည်နယ် တိုက်ပွဲများအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၇၀၀ နီးပါးသေဆုံး
*********************
ဇန်နဝါရီ ၂၊ ၂၀၂၃ ။
အာဏာသိမ်းပြီးချိန်မှစ၍ ကရင်နီပြည်နယ်အတွင်းရှိ တိုက်ပွဲများအတွင်း၌ စစ်ကောင်စီဘက်မှ ၁၆၉၂ ဦးသေဆုံးခဲ့သည် ဟု တိုးတက်သောကရင်နီပြည်သူ့အင်အားစု PKPF၏ ထုတ်ပြန်ချက်အရ သိရသည်။
၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ အာဏာသိမ်းချိန်မှစ၍ စစ်ကောင်စီတပ်များ၏ ကရင်နီပြည်နယ်အတွင်း စစ်ရေး၊ နိုင်ငံရေး၊ လူ့အခွင့်အရေးချိုးဖောက်ခံရမှုများကို စုစည်းတင်ပြထားသည့် ထုတ်ပြန်ချက်တစ်ခုကို ယမန်နေ့ ဇန်နဝါရီ ၁ ရက်နေ့တွင် PKPF က ထုတ်ပြန် ကြေညာခဲ့သည်။
အာဏာသိမ်းပြီးနောက်ပိုင်း ကရင်နီပြည်နယ်တွင် တိုက်ပွဲပေါင်း ၅၄၄ ကြိမ်ဖြစ်ပွားခဲ့ရာ စစ်ကောင်စီဘက်မှ ၁၆၉၂ ဦးသေဆုံးပြီး ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ၊ KNDF၊ KA ဘက်မှ ၂၁၁ ဦးကျဆုံးခဲ့သည်ဟု သိရသည်။
မြေပြင်စစ်ကြောင်းထိုးမှုများ မအောင်မြင်သည့်အချိန်တွင် စစ်ကောင်စီဘက်မှ လေကြောင်းတိုက်ခိုက်မှုများ ပြုလုပ်လေ့ရှိပြီး ၁၈၄ ကြိမ်ထက်မနည်း ပြုလုပ်ခဲ့သည်ဟု သိရသည်။
ထို့ပြင် စစ်ကောင်စီတပ်များက ကရင်နီပြည်နယ်အတွင်း၌ လက်နက်ကြီးများကို အလွန်အကျွံအသုံးပြု တိုက်ခိုက်ခဲ့သည်။
အာဏာသိမ်းကာလအတွင်း၌ ကရင်နီပြည်တွင် အရပ်သားများနှင့် စစ်ရှောင်ပြည်သူ ၄၁၉ ဦးထိ အသက်ဆုံးရှုံးထားပြီး မတရား ဖမ်းဆီးခံရသူအရေအတွက်မှာလည်း ၂၈၀ ဦးထိရှိလာသည်ဟု PKPF ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ပြည်သူများနှင့် စစ်ရှောင်များ သေဆုံးမှုသည် စစ်ကောင်စီတပ်ဖွဲ့ဝင်များ၏ အကြောင်းမဲ့ ပစ်ခတ်ခြင်း၊ မိုင်းထောင်ခြင်း၊ အရပ်သား ပစ်မှတ်များကို လက်နက်ကြီး၊ လေယာဥ်တို့ဖြင့်တိုက်ခိုက်ခြင်း နှင့် ဆေးဝါး မလုံလောက်ခြင်း စသည့်အကြောင်းအရာများကြောင့် အဓိကဖြစ်သည်ဟု PKPF တာဝန်ရှိသူက သံလွင်ခက်ကို ပြောသည်။
အာဏာသိမ်းကာလအတွင်း၌ နေ့စဥ်နီးပါး လူ့အခွင့်အရေး ချိူးဖောက်ခံနေရသည့် ကရင်နီပြည်၌ ၂၀၂၁ ခုနှစ် ဒီဇင်ဘာ၂၄ ရက်တွင် ဖြစ်ပွားခဲ့သည့် ဖရူဆိုမြို့နယ် မိုဆိုရွာဖြစ်စဥ်သည် ကမ္ဘာသိထင်ရှားခဲ့သော ဖြစ်ရပ်ဖြစ်ခဲ့သည်။
အဆိုပါဖြစ်စဥ်တွင် ကလေးငယ်များအပါအဝင် စစ်ဘေးရှောင်လာသည့် ပြည်သူ ၄၀ ဦးကျော်ကို စစ်ကောင်စီတပ်ဖွဲ့ဝင်များက မိုဆိုအနီး၌ အရှင်လတ်လတ် မီးရှို့သတ်ဖြတ်ခဲ့သည်။
ပုံစာ – ပြီးခဲ့သော ၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလ ၃ရက်၊ ဒီးမော့ဆိုမြို့နယ် ဒေါကမီးကျေးရွာတိုက်ပွဲ၌ ကရင်နီတပ်များက ဖမ်းဆီး၊ သိမ်းဆည်းရမိခဲ့သော စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် လက်နက်ခဲယမ်းများ။