စစ်ကောင်စီကိုဆန့်ကျင်ဆန္ဒပြထားသော ပိတ်စဖြူကို လာဖြုတ်သည့်ရဲများ မိုင်းထိမှန်ပြီး တစ်ဦးသေဆုံး
*******************************
ဇန်နဝါရီ ၂၊ ၂၀၂၃။
ပဲခူးတိုင်းဒေသကြီးအနောက်ခြမ်း၊ သဲကုန်းမြို့နယ်တွင် စစ်ကောင်စီရွေးကောက်ပွဲအားဆန့်ကျင်သော စာသားပါ ပိတ်စဖြူ (ဘန်နာ) ဆိုင်းဘုတ်ကို ဖြုတ်ယူသည့် ရဲ သုံးဦး မိုင်းဆွဲခံရကာ တစ်ဦးသေဆုံးသွားကြောင်း ဒေသခံကာကွယ်ရေးတပ်ဖွဲ့ဝင်များထံက သိရသည်။
ယမန်နေ့ နံနက် ၈ နာရီခန့်က သဲကုန်းမြို့နယ်၊ ပုတီးကုန်းမြို့သို့သွားရာလမ်းမ တာဂွနှင့် ပွဲပြည့်ရွာလမ်းမပေါ်တွင် ” စစ်ခွေးလုပ်မဲ့ရွေးကောက်ပွဲ လူထုအားနှင့် တွန်းလှန်ကြ ” ဟူသည့် စာသားပါ ပိတ်စဖြူ လာဖြုတ်စဉ် ကြိုတင်မိုင်းထောင်ကာ မိုင်းဆွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးက သံလွင်ခက်ကို ပြောသည်။
” နဂိုတည်းက ဘုတ်အောက်မှာထောင်ပြီးသား ဆိုင်းဘုတ်လာဖြုတ်တဲ့ အချိန်ခွဲလိုက်တာ၊ ရဲတစ်ကောင်ကတော့ နေရာမှာတင်သေတယ် ” ဟု ဖြစ်စဉ်နှင့်ပတ်သတ်ပြီး Paungde People Defense Force – PPDF အဖွဲ့တာဝန်ရှိသူတစ်ဦးက ပြောသည်။
ထိုတိုက်ခိုက်မှုကို ဒေသခံကာကွယ်ရေး တပ်ရင်း (၃၆၀၁) တပ်ခွဲ (၃) တိုင်းလုံးကျော်အဖွဲ့က နန်းထိုက်အောင်စစ်ဆေးရေးအဖြစ်ဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး ရဲတစ်ဦးမှာ ဦးခေါင်းထိမှန်ဒဏ်ရာဖြင့် ပေါက်ကွဲမှုဖြစ်သည့် နေရာတွင်သေဆုံးကာ ကျန်တစ်ဦးမှာ ဒဏ်ရာအပြင်းအထန်ရရှိခဲ့ကြောင်း ၎င်းက ဆက်ပြောသည်။
၂၀၂၂ ခုနှစ် ဒီဇင်ဘာလ ၉ ရက်တွင်လည်း အရပ်ဝတ်ဖြင့်ကွမ်းယာထွက်ဝယ်သည့် စစ်ကောင်စီတပ်သားတစ်ဦးကို အဆိုပါ ဒေသခံကာကွယ်ရေးတပ်ရင်း၏ တိုက်ဂါးစစ်ကြောင်းက ဖမ်းဆီးရမိခဲ့သည်။
၂၀၂၃ ခုနှစ်တွင် စစ်အာဏာရှင်တော်လှန်ရေးကို ယခင်နှစ်ထက် အရှိန်အဟုန်ပြင်းစွာ ဆောင်ရွက်သွားမည်ဖြစ်သဖြင့် ပြည်သူများကို စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် ဝေးရာတွင်နေထိုင်ပြီး မပတ်သတ်ရန် ထိုတပ်ရင်းက သတိပေးထားသည်။