အမီးလေး
မန္တလေးတိုင်း၊ ငါးမည်ရပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ ဖမ်းဆီးထားသည့် အမျိုးသမီး နှစ်ဦးမှ တစ်ဦးအား နှစ်ပတ်ကျော်ကြာပြီးနောက် အမှုနှင့် သက်ဆိုင်ခြင်းမရှိသည့်အတွက် မေလ ၈ ရက်တွင် ပြန်လွှတ်ပေးခဲ့သည်ဟု ရှိ/Shield အမျိုးသမီးအဖွဲ့မှ အတွင်းရေးမှူး ရဲလင်းက အတည်ပြုပြောသည်။
“အိမ်ထောင်ဦးစီးရဲ့ ချွေးမ ပြန်လွတ်လာပါတယ်။ အမျိုးသမီးတစ်ယောက်ကတော့ ကျန်နေသေးတယ်။ အခုတော့ မိသားစုဆီ ပြန်ရောက်ပါပြီ။ သိမ်းထားတဲ့ထဲမှာ အိမ်ထောင်စု နှစ်စုစာရဲ့ ပစ္စည်းတွေ သိမ်းသွားတယ်။ သူပြန်လွတ်တဲ့ အချိန်မှာ သူတို့ လင်မယား ပိုင်ဆိုင်တဲ့ ရွှေထည်နဲ့ ငွေ၊ ဖုန်း ပြန်ပေးလိုက်တယ်” ဟု ၎င်းက ဆိုသည်။
ထိုအမျိုးသမီးနှစ်ဦးအား ငွေကြေးလိမ်လည်မှုဖြင့် ငါးမည်ရပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ ဧပြီလ ၁၉ ရက်တွင် ဖမ်းဆီးထားခြင်းဖြစ်ပြီး အချုပ်ထောင်အတွင်း ကျန်ရှိနေသည့် အမျိုးသမီးအား ရုံးတင်စစ်ဆေးရန် ပြန်ဆင်နေသည်ဟု သိရသည်။
“အိမ်ထောင်ဦးစီးရဲ့အမျိုးသမီးကိုတော့ ရုံးတင်စစ်ဆေးမယ်ပေါ့။ အခြေအနေကတော့ အထဲမှာ နေနေရတဲ့အခါမှာ သူတို့ကို တစ်ကြိမ်ပဲ နာမည်တွေ၊ မှတ်ပုံတင်နံပါတ်တွေ စစ်ဆေးမေးမြန်းတယ်။ အဲဒီအချိန်မှာလည်း သေနတ်ကိုင်ပြီးတော့ စစ်ရေးပြတဲ့ ပုံစံပေါ့။ ခြိမ်ခြောက်တဲ့ ပုံစံမျိုးပေါ့။ သေနတ်ကိုင်ပြီး စောင့်နေတာတို့ ရှိတယ်။ နှိပ်စက်ထားတာ မရှိဘူး” ဟု ရဲလင်းက ပြောသည်။
စစ်ကောင်စီတပ်သားများ ငါးမည်ရပြည့်သူ့ကာကွယ်ရေးတပ်အဖွဲ့သို့ အလင်းဝင်လာမည်ဟု ဆက်သွယ်လာခြင်းကြောင့် လိုအပ်သည့် လမ်းစရိတ် ငွေကြေး ရှစ်သိန်းအား တောင်းခံလိမ်လည်သည်ဟု ဆိုကာ ထိုအမျိုးသမီး နှစ်ဦးနှင့် အမျိုးသား သုံးဦးတို့အား ဖမ်းဆီးခဲ့သည်။
ယင်းသို့ ဖမ်းဆီးခံရသူများထဲမှ အမျိုးသား သုံးဦးအား ဧပြီလ ၂၀ ရက်တွင် ပြန်လွှတ်ပေးခဲ့သည်ဟု သိရသည်။