စစ်အာဏာရှင်ကိုတိုက်ထုတ်ရန် မြောက်ပိုင်း၃ဖွဲ့ လုပ်သင့်လုပ်ထိုက်သည်များ ဆက်လုပ်မည်
****************************
ဇန်နဝါရီ ၂ ၊ ၂၀၂၃ ။
မြန်မာပြည်သူတစ်ရပ်လုံးမျှော်မှန်းထားသော ဘုံရည်မှန်းချက်များပြည့်ဝစေရန်၊ လက်ရှိအခြေအနေကို အကောင်းဆုံးကျော်လွှားနိုင်ရန်နှင့် စစ်အာဏာရှင်ကို တိုက်ထုတ်နိုင်ရန်အတွက် လုပ်သင့်လုပ်ထိုက်သည်များကို ဆက်လက်လုပ်ဆောင်သွားမည်ဟု MNDAA ၊ TNLA နှင့် AAတို့ မြောက်ပိုင်း ၃ ဖွဲ့က ၂၀၂၃ ခုနှစ်၊ နှစ်သစ်ကူး စကားလက်ဆောင်အဖြစ် ပူးတွဲထုတ်ပြန်သည်။
ညီနောင်မဟာမိတ်၃ဖွဲ့အနေဖြင့် အာဏာသိမ်းမှုဖြစ်စဥ်ကြောင့် မြန်မာပြည်သူလူထုတစ်ရပ်လုံး အချိန်နှစ်နှစ်နီးပါးခံစားနေရသော ခံစားချက်များကို ထပ်တူထပ်မျှ နားလည်ခံစားမိပြီး အပြည့်အဝ ကိုယ်ချင်းစာမိသည်ဟု ဆိုသည်။
ထို့ကြောင့် ညီနောင်မဟာမိတ်၃ဖွဲ့အနေဖြင့် နွေဦးတော်လှန်ရေးမှပေါက်ဖွားလာသော တော်လှန်ရေးအဖွဲ့အစည်းထဲမှ ပြည်သူ့ထောက်ခံမှုကိုရရှိထားပြီး တော်လှန်ရေးဆန်သော အဖွဲ့အစည်းတချို့နှင့်လက်တွဲကာ စစ်အာဏာရှင်ကို တိုက်ထုတ်သွားမည်ဟု ဆိုသည်။
စစ်အာဏာရှင်ကို အမြစ်ပြတ်တိုက်ထုတ်ရန်သည် စည်းလုံးညီညွတ်မှုအား၊ စုစည်းညီညွတ်မှုဖြင့် ဟန်ချက်ညီစွာလုပ်ဆောင်နိုင်မှသာ ဖြစ်နိုင်မည်ဖြစ်သောကြောင့် စစ်အာဏာရှင်ကိုတွန်းလှန်တိုက်ခိုက်နေကြသော တော်လှန်ရေးအဖွဲ့အစည်းများ အားလုံးအနေဖြင့် စုစည်းညီညွတ်စွာ အလုပ်လုပ်ကြရန် အထူးအရေးတကြီး လိုအပ်သည်ဟု မြောက်ပိုင်း၃ဖွဲ့က တိုက်တွန်းထားသည်။