အမီးလေး
ကရင်နီပြည်နယ်ရှိ စစ်ရှောင်စခန်းများတွင် ငှက်ဖျားရောဂါ စတင်ဖြစ်ပွားနေပြီး ငှက်ဖျားလာစစ်သူများ အားလုံးတွင် ပိုးတွေ့ရသည်ဟု Mu Kayan လူမှုကူညီရေးအသင်းမှ ကျန်းမာရေးဆရာမတစ်ဦးက ပြောသည်။
“တုတ်ကွေးဖျားတယ် ဆိုပြီး ဆေးခန်း လာပြတာ ဆရာမ တွေက ဌက်ဖျား စစ်ပေးတာ လေးယောက်၊ လေးယောက်စလုံး အပေါင်း ထွက်တယ်လေ။ တချို့က စစ်လို့ သိရတယ်” ဟု ဆိုသည်။
ကရင်နီပြည်နယ်ရှိ မယ်စဲ့နှင့် မော်ချီးတို့မှ ပြန်လာသည့် စစ်ရှောင်ပြည်သူများတွင် ငှက်ဖျား အဖြစ်များနေပြီး အများစုမှာ တုတ်ကွေးဖြစ်နေသည်ဟုသာ ထင်နေကြကြောင်း ၎င်းက ဆက်ပြောသည်။
ကရင်နီပြည်နယ်တွင် ယခင်နှစ်ထက် ငှက်ဖျားဖြစ်ပွားမှုနှုန်း တိုးလာပြီး ဆေးဝါးလိုအပ်ချက်များလည်း ရှိနေသည်ဟု သိရသည်။
၎င်းက “အချို့က ရာသီတုတ်ကွေးပဲ ဆိုပြီး ဌက်ဖျားမဟုတ်ဘူး ထင်တာပဲ ဆိုရင်တော့ အနာနဲ့ ဆေးမတည့်ဘူးပေါ့။ အခု ဒီမောဆို အနောက်ဘက်ခြမ်းတွေမှာလည်း စစ်ရင် အများကြီး တွေ့မှာပဲ။ မစစ်လို့ မသိလို့ပေါ့နော်။ တုတ်ကွေးပဲ ယူဆကြတာ များတယ်။ ဆေး၀ါးလည်း လိုတယ်။ ကြိုတင်ကာကွယ်ဖို့အတွက် လည်း လိုမယ်လို့ ယူဆတယ်” ဟုဆိုသည်။
လက်ရှိတွင် ငှက်ဖျားရောဂါကြိုတင်ကာကွယ်နိုင်ရန် ခြင်ထောင်နှင့် ခြင်ကာကွယ်ရန် လုံခြုံသည့် တဲများ အဓိက လိုအပ်နေသည်ဟု သိရသည်။