ခင်သရဖီဦး
ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့၊ ရွာမရပ်ကွက်ကို ယနေ့ ညနေ ၃:၅၁ နာရီအချိန်တွင် ဂျက်ဖိုက်တာဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့သည့်အတွက် အမျိုးသမီးငယ် တစ်ဦး သေဆုံးပြီး လေးဦးထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု ကနဦး သတင်းရရှိသည်။
”ရွာမ ရပ်ကွက်က ရွှေကျောင်းဘုန်းကြီးကျောင်း နောက်လမ်းကို စစ်ကောင်စီက ဗုံးတစ်လုံး ကြဲသွားတာပါ။ တအား အသံကျယ်ပါတယ်။ အဲဒီမှာ အမျိုးသမီးငယ် တစ်ဦး သေသွားတယ်။ ၁၀ နှစ်အရွယ်လောက်တော့ ရှိမယ်” ဟု ကျောက်တော် ဒေသခံ အသက် ၃၀ အရွယ် အမျိုးသမီး တစ်ဦးက ပြောသည်။
ထိုသို့ ဗုံးကြဲခံရသည့်အတွက် နေအိမ်တချို့လည်း ပျက်စီးသွားကာ ထိခိုက်ဒဏ်ရာ ရရှိသူများ ရှိလာနိုင်သည်ဟု ၎င်းက ဆက်ပြောသည်။
”အိမ် ၁၀ လုံးလောက်ကလည်း လုံးဝ ရစရာ မရှိအောင် ပျက်စီးသွားတယ်။ အထိအခိုက် ဒဏ်ရာ ရတဲ့ လူတွေကိုတော့ အတိအကျ မပြောနိုင်သေးဘူး။ ထပ်တိုးနိုင်တာလည်း ရှိမယ်” ဟု ၎င်းက ပြောသည်။
စစ်ကောင်စီသည့် ယမန့်နေ့ မေလ ၁၃ ရက်ကလည်း ရသေ့တောင်မြို့နယ် ထွန်းရဝေကျေးရွာအား ဗုံးကြဲတိုက်ခိုက်ခဲ့သည့်အတွက် ကလေးငယ် နှစ်ဦး အပါအဝင် ၁၂ ဦး သေဆုံးပြီး ၂၃ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်။