ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် ဂျူလီဘိရှော့ဟာ Energy Transition Minerals (ETM) အပါအဝင် စီးပွားရေးလုပ်ငန်းတွေမှာ ပါဝင်ပတ်သက်နေတဲ့အတွက် စုံစမ်း စစ်ဆေးပေးဖို့ ကုလသမဂ္ဂ အတွင်းရေးစစ်ဆေးရေးရုံး – OIOS ကို မြန်မာအရပ်ဖက်အဖွဲ့အစည်း ၄ ဖွဲ့က တိုင်ကြားခဲ့တယ်လို့သိရပါတယ်။
ဂျူလီဘိရှော့ကို တိုင်ကြားခဲ့တဲ့ မြန်မာအရပ်ဖက်အဖွဲ့အစည်း ၄ ဖွဲ့က သွေးစွန်းငွေဖြတ်တောက်ရေး – Blood Money Campaign အဖွဲ့၊ Defend Myanmar Democracy အဖွဲ့၊ Karen Peace Support Network အဖွဲ့နဲ့ Progressive Voice အဖွဲ့တို့ ဖြစ်ကြပါတယ်။
၂၀၂၅ ခုနှစ် ဇန်နဝါရီလမှာ ETM ကုမ္ပဏီက ဂျူလီဘိရှော့ကို ကုမ္ပဏီရဲ့ မဟာဗျူဟာအကြံပေးအဖြစ် ခန့်အပ်ခဲ့ပါတယ်။
အဲဒီခန့်အပ်မှုက မြန်မာနိုင်ငံမှာ ပါဝင်ပတ်သက်နေတဲ့ တရုတ်နိုင်ငံပိုင်ကုမ္ပဏီတွေနဲ့ ဆက်နွယ်နေတဲ့ ဂရင်းလန်းဒေသက အငြင်းပွားဖွယ် ယူရေနီယမ်နဲ့ မြေရှားသတ္တုတူးဖော်ရေးစီမံကိန်းတွေအတွက် အကြံပေးဖို့ ဖြစ်ပါတယ်။
သတ္တုတူးဖော်ရေးကဏ္ဍမှာ ဂျူလီဘိရှော့ရဲ့ ပါဝင်ပတ်သက်မှု၊ တရုတ်ကုမ္ပဏီတွေနဲ့ ဆက်နွယ်မှုတွေက သူ့ရဲ့ ကျင့်ဝတ်ပိုင်းဆိုင်ရာ စောင့်ထိန်းလိုက်နာမှုနဲ့ မြန်မာနိုင်ငံနဲ့ပတ်သက်ပြီး ပေးအပ်ထားတဲ့ တာဝန်တွေကို အောင်မြင်စွာ ထမ်းဆောင်နိုင်မှုတို့အပေါ် စိုးရိမ်စရာဖြစ်စေခဲ့ပါတယ်။
မြန်မာနိုင်ငံက မြေရှားသတ္တုတူးဖော်ရေးလုပ်ငန်းတွေကို ယူနန်ပြည်နယ်နဲ့ ကချင်ပြည်နယ်နယ်စပ်မှာ လုပ်ကိုင်နေတဲ့ တရုတ်ကုမ္ပဏီတွေက လက်ဝါးကြီးအုပ်ထားကြပါတယ်။
ပြီးခဲ့တဲ့ ဆယ်စုနှစ်တွေအတွင်း မြန်မာနိုင်ငံရဲ့ မြေရှားသတ္တုတူးဖော်ရေးလုပ်ငန်းတွေ အလျင်အမြန် တိုးချဲ့လာခဲ့ပြီး အထူးသဖြင့် မြန်မာစစ်တပ်ကွပ်ကဲမှုအောက်မှာ ရှိတဲ့ စခုန်တိန့်ယိန်းခေါင်းဆောင်တဲ့ ကချင်နယ်ခြားစောင့်တပ် ထိန်းချုပ်ဒေသတွေမှာ ဖြစ်ပါတယ်။
၂၀၂၄ ခုနှစ် နှစ်ကုန်ပိုင်းမှာတော့ ကချင်လွတ်လပ်ရေးတပ်မတော် – KIA က ကချင်နယ်ခြားစောင့်တပ်ကို တိုက်ခိုက်ချေမှုန်းပြီး အဲဒီဒေသတွေကို ပြန်ပြီး ထိန်းချုပ်နိုင်ခဲ့ပါတယ်။
ဂျူလီဘိရှော့ကို ၂၀၂၄ ခုနှစ် ဧပြီလမှာ ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ်အဖြစ် ခန့်အပ်ခဲ့ပါတယ်။
ကုလသမဂ္ဂ မြန်မာနိုင်ငံဆိုင်ရာအထူးကိုယ်စားလှယ်ရဲ့တာဝန်က မြန်မာနိုင်ငံတွင်းက အကျပ်အတည်းတွေကို ဖြေရှင်းဆောင်ရွက်ပေးဖို့ဖြစ်ပြီး ဂျူလီဘိရှော့အနေနဲ့ ဒီမိုကရေစီဘက်တော်သားတွေ၊ အရပ်ဖက်အဖွဲ့အစည်းတွေ၊ ထိခိုက်နစ်နာတဲ့ ရပ်ရွာလူထုတွေနဲ့ ထိတွေ့ဆက်ဆံရမှာဖြစ်တဲ့အတွက် သမာသမတ်ရှိဖို့ အရေးကြီးပါတယ်။
ဂျူလီဘိရှော့ ပတ်သက်နေတဲ့ ကုမ္ပဏီတွေဟာ မြန်မာစစ်တပ်နဲ့ ပူးပေါင်းပြီး မသမာတဲ့ စီးပွားရေးလုပ်ငန်းတွေ လုပ်ကိုင်ခဲ့တယ်ဆိုတဲ့ သမိုင်းကြောင်းရှိခဲ့တဲ့အတွက် ဒီအချက်ကပဲ သူ့ရဲ့ အလုပ်နဲ့ ပတ်သက်ပြီး ပိုပြီး မေးခွန်း ထုတ်စရာ ဖြစ်စေခဲ့ပါတယ်။
ဒါကြောင့်လည်း ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတာရပ်စ်အနေနဲ့ ဂျူလီဘိရှော့ရဲ့ စီးပွားရေးလုပ်ငန်းတွေက အကျိုးစီးပွားပဋိပက္ခတွေကို စုံစမ်းစစ်ဆေးမှု တစ်ရပ် ဆောင်ရွက်ပေးဖို့ Justic For Myanmar ကလည်း တောင်းဆိုထားတယ်လို့ သိရပါတယ်။



