စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ် အိုးထိန်းတွင်းကျေးရွာရှိ စာသင်ကျောင်းကို ယနေ့နံနက်တွင် စစ်ကောင်စီက လေကြောင်းဗုံးကြဲမှုကြောင့် သေဆုံးသူ ၁၅ ဦးအထိ ရှိနေပြီဟု မြေပြင်သတင်းအရင်းအမြစ်များထံမှ သိရသည်။
မေလ ၁၂ ရက် နံနက် ၉:၃၀ နာရီတွင် လေကြောင်းမှ ပေါင် ၅၀၀ ဗုံးတစ်လုံး ကြဲချခဲ့ခြင်းကြောင့် ကျောင်းသား၊ ကျောင်းသူနှင့် ဆရာ၊ ဆရာမ အပါအဝင် စုစုပေါင်း ၁၅ ဦးထက်မနည်း သေဆုံးပြီး ၃၀ ဦးထက်မနည်း ဒဏ်ရာရရှိခဲ့သည်ဟု သိရသည်။
မြေပြင်ကူညီကယ်ဆယ်ရေးလုပ်ဆောင်နေသူ တစ်ဦးက “အတိအကျ စာရင်းတော့ မထွက်သေးဘူးဗျ။ အနည်းဆုံး ၁၅ ယောက်လောက် သေဆုံးပါတယ်။ ကျနော်တို့ ဆေးကုပေးလိုက်တဲ့ ဒဏ်ရာရကလေးငယ်တွေကိုက ၃၀ ဝန်းကျင်ရှိပါတယ်” ဟု ပြောသည်။
လေကြောင်းတိုက်ခိုက်မှုကြောင့် သေဆုံးသူများသည် အိုးထိန်းတွင်းကျေးရွာ စာသင်ကျောင်းသို့ ကျောင်းလာတက်သည့် အသက် ၅ နှစ်မှ ၁၅ နှစ်ကြား အရွယ်ကလေးငယ်များနှင့် ဒေသတွင်း ပရဟိတ ဆရာ၊ ဆရာမများဖြစ်ကြသည်။
အဆိုပါ စာသင်ကျောင်းသည် ကျေးရွာမှ ကိုယ်ထူကိုယ်ထဖွင့်လှစ်ထားသည့် ကျောင်းဖြစ်သည်ဟုလည်း သိရသည်။
ထိုသို့ စစ်ကောင်စီမှ လေယာဉ်ဖြင့် ကြဲချလိုက်သည့် ဗုံးသည် စာသင်ကျောင်းတည့်တည်ပေါ်သို့ ကျရောက် ပေါက်ကွဲခဲ့သောကြောင့် သေဆုံးသူဦးရေမှာ မြင့်တက်လာနိုင်သည်ဟုလည်းဒေသခံများမှ ပြောဆိုသည်။
ပြီးခဲ့သည့် ဧပြီလ ၁၂ ရက်တွင်လည်း ဒီပဲယင်းမြို့နယ်ရှိ ကြခတ်ကျေးရွာ ဘုန်းတော်ကြီးကျောင်းကို စစ်ကောင်စီက ဗုံးကြဲတိုက်ခိုက်မှုကြောင့် ကိုရင် သုံးပါးအပါအဝင် ၅ ဦး သေဆုံးခဲ့ကာ ၆ ဦး ဒဏ်ရာရရှိခဲ့သည်။
ထို့အတူ ပြီးခဲ့သည် ၂၀၂၂ ခုနှစ် စက်တင်ဘာလအတွင်းတွင် ဒီပဲယင်းမြို့နယ်ရှိ လက်ယက်ကုန်းကျေးရွာ စာသင်ကျောင်းလေကြောင်းတိုက်ခိုက်ခံခဲ့ရပြီး ကလေးငယ် ၇ ဦးခန့် သေဆုံးကာ ဆရာ၊ ဆရာမ ၁၅ ဦးထက်မနည်း ဒဏ်ရာရရှိခဲ့သည်။
ပုံစာ – လေကြောင်းတိုက်ခိုက်ခံရပြီးနောက် မြင်ကွင်း










