ခင်သရဖီဦး
ရခိုင်ပြည်နယ်၊ ပေါက်တောမြို့နယ်က ရေလုပ်သား ၆ ဦးကို ကျောက်ဖြူအနီး ပင်လယ်ပြင်တွင် ကျောက်ဖြူမြို့နယ်ရှိ စစ်ကောင်စီရေတပ်က မေလ ၃ ရက်တွင် ဖမ်းဆီးထားပြီး လက်ရှိအချိန်အထိ မိသားစုဝင်များနှင့် အဆက်အသွယ် ပြတ်တောက်နေသည်ဟု ဒေသခံများထံမှ သိရသည်။
ယင်းသို့ ဖမ်းဆီးခံရသူများမှာ အသက် ၂၅ နှစ်မှ ၃၅ နှစ်အရွယ်များဖြစ်ပြီး ပေါက်တောမြို့နယ် အလယ်ဖရုံကာကျွန်း တန်းတင်ကျေးရွာနှင့် ငရုတ်ချောင်းကျေးရွာတို့မှ ဖြစ်ကြသည်။
“ပတင်ရွာ အလွန်က မြစ်နားမှာ ငါးဖမ်းနေစဉ် ဘုတ်ရော၊ လူတွေကိုပါ ဖမ်းဆီးသွားတယ်လို့ သိရတယ်။ ၆ ယောက်စလုံးကို ဖမ်းသွားတာပေါ့လေ။ မိသားစုတွေနဲ့လည်း အဆက်အသွယ်က မရဘူး” ဟု အသက် ၂၅ နှစ်အရွယ် ပေါက်တော ဒေသခံ တစ်ဦးက ဆိုသည်။
ယင်းသို့ ဖမ်းဆီးခံရသည့် ပေါက်တောဒေသခံများကို စစ်ကောင်စီက ကျောက်ဖြူမြို့ အမှတ် (၁) ရဲစခန်းတွင် ဖမ်းဆီးထိန်းသိမ်းထားသည်ဟုလည်း ရခိုင်ဒေသတွင်း မီဒီယာများက ဖော်ပြသည်။
စစ်ကောင်စီအနေဖြင့် ကျောက်ဖြူနှင့် ပေါက်တောမြို့နယ်အကြားတွင် ရေတပ် ၃ တပ်ခန့် ဖြန့်ချထားပြီး ပေါက်တောမှ ကျောက်ဖြူသို့ ငါးသွားဖမ်းသည့် ရေလုပ်သားများ မကြာခဏ ဖမ်းဆီးခံရမှုများရှိနေသည်ဟု ၎င်းက ဆက်ပြောသည်။
”စစ်ကောင်စီက အရင်ကလည်း ငါးသွားဖမ်းတဲ့ ပေါက်တောဘက်က လူတွေကို ဖမ်းခေါ်သွားတာတွေရှိတယ်။ အဲဒီအပေါ်မှာ ဒေသခံတွေကလည်း စိုးရိမ်မှုတွေ မြင့်တက်နေတာပေါ့လေ။ ငါးဖမ်းဖို့အတွက် ကြောက်လှန့်နေတာတွေ ဖြစ်လာတော့ စားဝတ်နေရေးကလည်း အဆင်မပြေတာတွေ ဖြစ်လာတယ်” ဟု ၎င်းက ပြောသည်။
ကျောက်ဖြူတွင် စစ်ကောင်စီတပ်နှင့် အာရက္ခတပ်တော်တို့မှာ ပြီးခဲ့သည့် ၂၀၂၅ ခုနှစ် ဇန်နဝါရီလ အစမှ စတင်ကာ တိုက်ပွဲများ ဖြစ်ပွားနေခြင်းဖြစ်သည်။ လက်ရှိတွင်လည်း နှစ်ဖက်တိုက်ပွဲ ပြင်းထန်နေကြောင်း သိရသည်။ စစ်ကောင်စီအနေဖြင့်လည်း ကျောက်ဖြူမြို့နယ် မကျရှုံးစေရေး ရေတပ်၊ လေတပ်များဖြင့် ခုခံကာကွယ်တိုက်ခိုက်လျက်ရှိနေသည်။