စစ်ကိုင်းတိုင်း၊ကောလင်းမြို့နယ်၊ရှောက်ပင်ခြုံကျေးရွာအား ယနေ့ မေလ ၇ ရက်နေ့ နံနက် တစ်နာရီအချိန်၌ စစ်ကောင်စီလေကြောင်းတိုက်ခိုက်မှု ပြုလုပ်ခဲ့ပြီး ပြည်သူတစ်ဦး၏ နေအိမ် ထိခိုက်ပျက်စီးသွားသည်ဟု Kawlin info မှတာဝန်ရှိသူကအတည်ပြုပြောသည်။
“လေယာဉ်ကြဲခံရတာ ထိခိုက်မှုမရှိဘူး နေအိမ်တစ်လုံးပျက်စီးသွားတယ် ပြီးတော့ အနီးအနားက မီးအား ပေးတဲ့ စနစ်တွေပျက်စီးသွားတယ်၊တစ်ခေါက်တည်းကို နှစ်ချက်ပစ်သွားတာ ပေါင် ၃၀၀ လောက်ဗုံးဖြစ်မယ်။” ဟုဆိုသည်။
စစ်ကောင်စီက ကောလင်းမြို့အား ပေါင် ၃၀၀ ဗုံးဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး လူအထိအခိုက်မရှိသော်လည်း လျှပ်စစ်မီးနှင့် သက်ဆိုင်သည့် အရာများပျက်စီးသွားသည်ဟုသိရသည်။
ပြီးခဲ့သည့် မေလ ၅ ရက်ကလည်း ကောလင်းမြို့နယ်တွင် စစ်ကောင်စီတပ်နှင့် တော်လှန်ရေးတပ်ဖွဲ့တို့ တိုက်ပွဲ ဖြစ်ပွားခဲ့ပြီး အသက် ၅၀ အရွယ် ဒေါ်ဥ လက်နက်ထိကာ သေဆုံးခဲ့သည်။
စစ်ကောင်စီ အာဏာသိမ်းထားခဲ့သည့် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်မှ ၂၀၂၅ ခုနှစ် မေလ ၆ ရက် အထိ လေးနှစ်ကျော်အတွင်း စစ်ကောင်စီက ပြည်သူ စုစုပေါင်း ၆၆၀၀ ကျော်ကို သတ်ဖြတ်ခဲ့သည်ဟု နိုင်ငံရေး အသင်းသားများ ကူညီစောင့်ရှောက်ရေး အသင်း AAPP ၏ ထုတ်ပြန်ချက်မှာ ဖော်ပြထားသည်။
ယင်းအပြင် ဒီမိုကရေစီအရေး လှုပ်ရှားသူ ၂၉၀၀၀ ကျော်ကို ထိန်းသိမ်းခံခဲ့ရပြီး လက်ရှိအချိန်ထိ ၂၂၀၀၀ ကျော် ထိန်းသိမ်းခံထားရဆဲဖြစ်သည်ဟု AAPP ၏ အချက်အလက်များအရ သိရသည်။