မေလ ၇ ရက်၊ ဗုဒ္ဓဟူးနေ့အစောပိုင်းမှာပဲ အိန္ဒိယနိုင်ငံက ပါကစ္စတန်နဲ့ ပါကစ္စတန် ထိန်းချုပ်ထားတဲ့ ကက်ရှ်မီးယားဒေသတွေက နေရာ ၉ နေရာကို ဒုံးကျည်တွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့ပါတယ်။
အိန္ဒိယက အဓိကပစ်မှတ်ထားတိုက်ခိုက်ခဲ့တဲ့နေရာတွေဟာ အကြမ်းဖက်သမားတွေနဲ့ ဆက်စပ်ပတ်သက်တဲ့ နေရာတွေ ဖြစ်တယ်လို့ အိန္ဒိယက ဆိုပါတယ်။
ပြီးခဲ့တဲ့ ဧပြီ ၂၂ ရက်က အိန္ဒိယ ထိန်းချုပ်ထားတဲ့ ကက်ရှ်မီးယားဒေသက ပါဟယ်လ်ဂမ်ကျေးရွာမှာ အိန္ဒိယ နိုင်ငံသား ၂၅ ဦးနဲ့ နီပေါလ်နိုင်ငံသား တစ်ဦးကို အကြမ်းဖက်သမားတွေက ပစ်ခတ်သတ်ဖြတ်ခဲ့ပြီး အဲဒီ အကြမ်းဖက်တိုက်ခိုက်မှုအတွက် ပါကစ္စတန်က တာဝန်ယူရမယ်လို့ အိန္ဒိယနိုင်ငံက ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။
အခုတိုက်ခိုက်မှုက ပါဟယ်လ်ဂမ်အကြမ်းဖက်တိုက်ခိုက်မှုဖြစ်စဥ်ကို ပြန်ပြီး လက်တုံ့ပြန်တာဖြစ်တယ်လို့ အိန္ဒိယကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။
လက်ရှိအချိန်အထိတော့ အိန္ဒိယနိုင်ငံရဲ့ တိုက်လေယာဉ် ငါးစင်းကို ပါကစ္စတန်က ပစ်ချထားနိုင်ပြီး စစ်သား အချို့ကိုလည်း ဖမ်းဆီးထားတယ်လို့ ပါကစ္စတန်အရာရှိတွေက ပြောပါတယ်။
အိန္ဒိယက ပစ်ခတ်တိုက်ခိုက်ခဲ့တဲ့ ဒုံးကျည်တွေဟာ ပါကစ္စတန် ထိန်းချုပ်ထားတဲ့ ကက်ရှ်မီးယားနဲ့ နိုင်ငံ အရှေ့ပိုင်းက ပန်ဂျပ်ပြည်နယ်ထဲက နေရာတွေကို ထိမှန်ခဲ့ပါတယ်။
ဒါ့အပြင် အိန္ဒိယက ပစ်ခတ်တိုက်ခိုက်ခဲ့တဲ့ ဒုံးကျည်ဟာ ပန်ဂျပ်ပြည်နယ် ဘဟာဝယ်လ်ပူမြို့မှာ ရှိတဲ့ ဗလီ တစ်ခုကိုလည်း ထိမှန်ခဲ့တဲ့အတွက် ကလေး တစ်ဦး သေဆုံးပြီး အမျိုးသမီး တစ်ဦးနဲ့ အမျိုးသား တစ်ဦး ဒဏ်ရာ ရရှိခဲ့တယ်လို့ ပါကစ္စတန်အရာရှိတွေက ပြောပါတယ်။
လက်ရှိအချိန်အထိတော့ အိန္ဒိယရဲ့ ဒုံးကျည်တိုက်ခိုက်မှုတွေကြောင့် အနည်းဆုံး လူ ရှစ်ဦး သေဆုံးပြီး ၃၅ ဦးထက် မနည်း ထိခိုက်ဒဏ်ရာရရှိထားတယ်လို့ သိရပါတယ်။
အိန္ဒိယဘက်က စတင်ခဲ့တဲ့ စစ်ပွဲကို ပြင်းပြင်းထန်ထန် တုံ့ပြန်သွားမယ်လို့ ပါကစ္စတန်နိုင်ငံက ဆိုပါတယ်။
အိန္ဒိယနဲ့ ပါကစ္စတန်တို့ဟာ ရှည်လျားတဲ့ ပဋိပက္ခသမိုင်းကြောင်းရှိတဲ့ အိမ်နီးချင်းနိုင်ငံတွေဖြစ်ပြီး လက်ရှိ ဖြစ်ပွားနေတဲ့ စစ်ပွဲက အလုံးစုံစစ်ပွဲအဖြစ် ပျံ့နှံ့သွားမယ့် အန္တရာယ်ရှိနေပါတယ်။
