ခင်သရဖီဦး
အာရက္ခတပ်တော် AA သိမ်းပိုက်ထားသည့် ရသေ့တောင်မြို့မှ ဒေသခံများမှာ စားဝတ်နေရေး အဆင်မပြေမှုများနှင့် မိုးရာသီတွင် နေအိမ် အခက်အခဲများရှိနေသည့်အတွက် မိမိနေရပ်သို့ ပြန်ရန် အာရက္ခတပ်တော် AA ၏ အုပ်ချုပ်ရေးဌာနအား တောင်းဆိုထားသည်ဟု နှစ်ပတ်ခန့်ကြာမြင့်သော်လည်း တစ်စုံတစ်ရာ အကြောင်းမပြန်သေးဟု သိရသည်။
လက်ရှိတွင် ရသေ့တောင်မြို့မှ ဒေသခံများမှာ ဆွေးမျိုးများရှိသည့် ရွာများ၌လည်းကောင်း၊ မိတ်ဆွေ နေအိမ်များ၌လည်းကောင် ခေတ္တနေထိုင်လျက်ရှိပြီး မကြာမှီ မိုးရွာသီကျရောက်တော့မည်ဖြစ်သည့်အတွက်
အဆင်မပြေမှုများ ပိုမိုရှိလာခြင်းကြောင့် မိမိနေရပ်သို့ ပြန်လိုသည်ဟု မင်းပြားတွင် စစ်ဘေးရှောင်နေသည့် ရသေ့တောင်ဒေသခံ ကိုမင်းမင်း က ပြောသည်။
” ကျနော်တို့ကလည်း မိသားစုတစ်ခုလုံး ကျနော်တို့ ညမအိမ်မှာ ကပ်နေရတာပေါ့လေ။ အိမ်ကလည်း သိပ် မကျယ်ဘူး။ ကလေးတွေကလည်း စုစုပေါင်း ၇ ယောက်လောက်ရှိတယ်။ ကိုယ့်ပိုင်အိမ်လည်း မငှားနိုင်တော့ အခက်အခဲတွေ များတယ်။ ကိုယ့်အိမ်ကို ပြန်ချင်တာပေါ့လေ။ အခုက မိုးရာသီလည်း ကျတော့မယ်ဆိုတော့ အခုထက်ပိုပြီး နေရာကျဉ်းမယ်။ တာဝန်ရှိတဲ့လူတွေအနေနဲ့ ကျနော်တို့ကို မိမိနေရပ်ကို ပြန်ပြီးတော့ ဝင်ခွင့်ပေးစေချင်ပြီ။”ဟု ၎င်းက ဆိုသည်။
စစ်ဘေးရှောင်များအနေဖြင့် အခြားဒေသတွင် နေထိုင်ရခြင်းကြောင့် အလုပ်လုပ်ကိုင်ရန် အခက်အခဲရှိနေပြီး စားဝတ်နေရေးမှာ ပိုမိုခက်ခဲလာကြသည်ဟုဆိုသည်။
ယင်းအပြင် ရသေ့တောင်မြို့နယ်မှာ စစ်ဘေးရှောင်စခန်းဟူ၍ သတ်မှတ်ထားခြင်းမရှိသည့်အတွက် အလှူပေးသည့်အဖွဲ့အစည်းများလည်း ဝင်ရောက်မှု နည်းသည့်အတွက် ပိုမိုခက်ခဲသည်ဟု ULA နှင့် နီးစပ်သူတစ်ဦးက ဆိုသည်။
“ရသေ့တောင်ဖက်မှာ စစ်ဘေးရှောင်တွေကို ထောက်ပံ့ပေးတဲ့ အဖွဲ့အစည်းတွေက နည်းပါတယ်။ ဒီဖက်မှာက Camp ပုံစံမျိုးမဟုတ်ဘဲ ဆွေးမျိုးတွေ အိမ်မှာ ကပ်နေကြတာများတော့ ထောက်ပံ့ပေးတဲ့ အဖွဲ့အစည်းတွေ အနေနဲ့လည်း အာရုံစိုက်မှု အားနည်းတော့ မရတာမျိုးဖြစ်နိုင်ပါတယ်။” ဟုဆိုသည်။
အာရက္ခတပ်တော်အနေဖြင့် ရခိုင်ပြည်နယ်ရှိ ပေါက်တော၊ ပုဏ္ဏားကျွန်းနှင့် ရသေ့တောင်တို့အား အထူးစစ်ဒေသ အဖြစ် သတ်မှတ်ထားဆဲဖြစ်ပြီး ဒေသခံများအားလည်း မိမိနေရပ်သို့ ပြန်လည်နေထိုင်ခွင့် ပိတ်ထားဆဲ ဖြစ်ကြောင်း ဒေသခံများထံမှ စုံစမ်းသိရှိရသည်။
အာရက္ခတပ်တော် AA အနေဖြင့် စစ်တွေမြို့အား သိမ်းပိုက်ရရှိမှသာ ယင်းမြို့များမှ ဒေသခံများအား မိမိနေရပ်သို့ ပြန်လည်နေထိုင်ခွင့်ရမည်ဖြစ်သည်ဟု ပြောဆိုထားကြောင့် ဒေသခံများက ဆိုကြသည်။
ရသေ့တောင်မြို့မှ အမည်မဖော်လိုသည့် အသက် ၂၅ နှစ်အရွယ် လူငယ်တစ်ဦးက ” အခုထိ စစ်ကောင်စီတပ်က ရေကြောင်းတွေကနေ လက်နက်ကြီးတွေနဲ့ ပစ်ခတ်တာတွေ လေကြောင်းကနေ ဗုံးချတာတွေ ဆက်တိုက်ဆိုသလို လုပ်ဆောင်နေတာတွေရှိတယ်ပေါ့လေ။ ဆိုတော့ ကျနော်တို့ သိထားတာတော့ စစ်တွေကို သိမ်းပြီးမှ ဒီမြို့နယ်တွေက အန္တရာယ်ကင်းမယ်ပေါ့လေ။ ဒါကြောင့် နေရပ် ပြန်မခိုင်းသေးတာလို့တော့ သိထားတယ်။ ” ဟု ဆိုသည်။
လက်ရှိအချိန်ထိ စစ်ကောင်စီ၏ လေကြောင်း အန္တာရာယ်၊ စစ်ကျန်လက်နက်၊ မိုင်းများနှင့် တိုက်ပွဲများကြောင့် မိမိနေရပ်သို့ မပြန်နိုင်သေးသည့် ရခိုင် စစ်ဘေးရှောင် စုစုပေါင်း ၆သိန်းကျော်အထိ ရှိနေပြီး ရသေ့တောင်တွင် စစ်ဘေးရှောင်တစ်သောင်းခန့် ရှိနေကြောင်းလည်း သိရသည်။
ပုံစာ – ရခိုင်မှ စစ်ဘေးရှောင်စခန်းတခုအားတွေ့ရစဥ်
ဓာတ်ပုံ – သံလွင်ခက်