ခင်သရဖီဦး
ဝါရင့်နိုင်ငံရေးသမား ဦးဦးလှစော(ခ) ကဗျာဆရာ မောင်ခိုင်အောင်သည် လည်ချောင်းကင်ဆာအား ဆေးကုသမှုခံယူရင်း မေလ ၅ ရက်နေ့ ည ၁၁နာရီ ၂၀ မီနစ်တွင် ဆေးရုံတွင် ကွယ်လွန်သွားသည်ဟု ဆရာ ဦးလှစောနှင့် နီးစပ်သူ တစ်ဦးက ဆိုသည်။
”ဆရာကြီး နေမကောင်းဖြစ်နေတာတော့ နည်းနည်းကြာပြီးဗျ။ အရင်ကလည်း မကြာခဏဆိုသလို ဆေးခန်းပြနေရတာပေါ့လေ။ အခုက ဆေးရုံးမှာ နေပြီး ဆေးကုနေရင်းက လည်ချောင်းကင်ဆာနဲ့ ဆုံးသွားတာပါ” ဟု ၎င်းက ဆိုသည်။
ယင်းအပြင် ဆရာကြီး ဦးဦးလှစော ကွယ်လွန်သွားသည့်အတွက် များစွာ စိတ်မကောင်းဖြစ်ပြီး အလေးအနက် ဦးညွန့်အလေးပြုကြောင်းလည်း ရခိုင်မှ ဦးခိုင်ကောင်းစံက မှတ်ချက်ပြုသည်။
” ဆရာရဲ့ နိုင်ငံရေး ဖြတ်သန်းမူတွေက လူငယ်တွေ အတွက် အတုယူစရာ ဖြစ်တယ်။ ၁၉၇၄ -၇၅ ကနေ မြန်မာနိုင်ငံရေး အပြောင်းအလဲမှာ ဦးဆောင်ပါဝင်ခဲ့တယ်။ ကဗျာအနုပညာမှာ တေးရေး စသည့်အားဖြင့် အမျိုးသားရေး ဆိုင်ရာ လုပ်ငန်းတွေမှာလည်း ကိုယ်ကျိုးစွန့်ပြီး လုပ်ဆောင်ခဲ့တဲ့ ပုဂ္ဂိုလ်ဖြစ်တယ်။ လွတ်တော် ဥက္ကဌ ကြီးကိုတောင်မှ ရဲရဲဝံဝံ ပြောဆိုခဲ့တဲ့ လွတ်တော်ကိုယ်စားလှယ်ကောင်းတစ်ဦးဖြစ်တယ်။ ဟု ဦးခိုင်ကောင်းစံက ပြောသည်။
၎င်းက ဆက်လက်၍ “လက်ရှိမှာလည်း ရခိုင်ပြည်အတွက် အာရက္ခပြည်သူ တော်လှန်ရေးအစိုးရဆီမှာ တာဝန်ထမ်းဆောင်နေရင် သေဆုံးသွားတာက ရခိုင်ပြည်သူတွေအတွက် အင်မတန်မှ ဝမ်းနည်းဖို့ကောင်းတဲ့ အချိန်အခါဖြစ်တယ်။ ယင်းအတွက် ဆရာရဲ့ နိုင်ငံရေးဖြတ်သန်းမှုတွေ နိုင်ငံရေး လုပ်ဆောင်မှုတွေကို လူငယ်တွေအနေနဲ့ အမှတ်တရ ဖြစ်နေပါတယ်။ ဆရာကို ဦးညွန့် အလေးအနက်ပြု အလေးပြုပါတယ်။ ဦးညွန့် အလေးပြုပါတယ်။ ဆရာကို ဦးညွန့် အလေးပြုပါတယ်။” ဟု ပြောသည်။
ဆရာ ဦးဦးလှစော ခေါ် ကဗျာဆရာ မောင်ခိုင်အောင်အား ၁၉၅၃ခုနှစ်၊ မေလ ၂၇ ရက်နေ့တွင် ဖခင် ဦးအောင်လှဇံ၊ မိခင် ဒေါ်စံသာဖြူတို့မှ မွေးဖွားခဲ့ကာ သားအကြီးဆုံးဖြစ်ပြီး ယခု ကွယ်လွန်ချိန်တွင် အသက် (၇၂)နှစ် ရှိပြီးဖြစ်ကြောင်း သိရသည်။
ဆရာကြီးသည် အနုပညာဖက်တွင်လည်း Model ကဗျာ အများအပြားရေးသားခဲ့သကဲ့သို့ ရခိုင် နာမည်ကြီး တေးသီးချင်းမှာအားလည်း ရေးသားခဲ့သူတစ်ဦးဖြစ်သည်။
ဆရာ ဦးဦးလှစောမှာ ၁၉၉၀ ခုနှစ်တွင် ရခိုင်ဒီမိုကရေစီအ ဖွဲ့ချုပ် ALD တွင်လည်းကောင်း ၊ ၂၀၁၀ တွင် RNDP တွင်လည်းကောင်း ၊ ၂၀၁၅ ခုနှစ်မှာ ရခိုင်အမျိုးသားပါတီ ANP ၏ မြောက်ဦးမြို့နယ်၊ ပြည်သူ့လွတ်တော်ကိုယ်စားလှယ်အဖြစ် တာဝန်ထမ်းဆောင် ခဲ့သည်။
လက်ရှိအချိန်တွင် အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရ၏ နိုင်ငံရေးမှူးအဖြစ်လည်း တာဝန်ထမ်း ဆောင်နေခြင်း ဖြစ်သည်။
