အမီးလေး
ကသာမြို့နယ် အကျဉ်းထောင်တွင် အကျဉ်းကျနေသည့် နိုင်ငံရေးအကျဉ်းသားတစ်ဦး လုံလောက်သည့် ဆေးကုသခွင့် မရရှိခြင်းကြောင့် ဧပြီ ၂၆ ရက်တွင် သေဆုံးသွားသည်ဟု မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန် ရက်-PPNM မှ တာဝန်ရှိသူ ကိုသိုက်ထွန်းဦးက အတည်ပြုပြောသည်။
ဆေးကုသမှု လုံလောက်စွာ မရရှိခြင်းကြောင့် သေဆုံးသွားသူမှာ အသက် ၃၃ နှစ်အရွယ် ကိုဟိဏ်းမင်းသူ (ခ) အာနိုးဖြစ်ပြီး အတက်ရောဂါဖြင့် သေဆုံးသွားခြင်းဖြစ်သည်ဟု သိရသည်။
ကိုဟိဏ်းမင်းသူသည် ကသာအကျဉ်းထောင်တွင် ပုဒ်မ ၅၀ (ည)၊၅၂ (က) နှင့် ၅၂ (ခ) တို့ဖြင့် နှစ်ရှည်ထောင်ဒဏ် ၁၆ နှစ် ကျခံထားရသူလည်း ဖြစ်သည်။
“အသက်ဆုံးရှုံးသွားတာကတော့ အတက်ရောဂါကြောင့် မေ့မျောသွားတယ်လို့ သိရပါတယ်။ မေ့မျောတဲ့ အခြေအနေမျိုးမှာ ပြင်ပဆေးရုံကို ထုတ်ပြီးမှ ကုသမှုတွေ ပေးတယ်။ သို့သော်လည်းပဲ နဂိုမူလ အခြေအနေကိုက ကျန်းမာရေးစောင့်ရှောက်မှု လိုအပ်ချက်တွေ ရှိနေတယ်” ဟုပြောသည်။
၎င်းက ဆက်ပြီး “အကျဉ်းထောင်တွေမှာ နိုင်ငံရေး အကျဉ်းသားတွေဟာ လုံလောက်တဲ့ ကျန်းမာရေးစောင့်ရှောက်မှု အပြည့်အဝ မရတဲ့အတွက် အခုလိုမျိုး ကျဆုံးသွားတာဖြစ်ပါတယ်။ အာဟာရဓာတ် အပြည့်အဝ မရတာကြောင့် ကျဆုံးတာဖြစ်တယ်။ ထောင်တွင်း ဆရာဝန်အင်အား လုံလောက်စွာ မရရှိတဲ့အတွက် အရေးပေါ်ဖြစ်တဲ့အခါ ကုသနိုင်ခြင်း မရှိတာ တွေ့ရပါတယ်” ဟု ဆိုသည်။
စစ်ကောင်စီတပ်အနေဖြင့် နိုင်ငံရေးအကျဉ်းသားများအတွက် ကျန်းမာရေးစောင့်ရှောက်မှု လုံလောက်စွာ မပေးနိုင်ခြင်းနှင့် ဆရာဝန်လုံလောက်စွာ မထားပေးခြင်းတို့ကြောင့် တစ်နှစ်အတွင်း နိုင်ငံရေးအကျဉ်းသား ၁၀ ဦးထက်မနည်း သေဆုံးနေရသည်ဟု သိရသည်။
ကိုသိုက်ထွန်းဦးက “စစ်ကောင်စီအနေနဲ့ ဖမ်းဆီးထိန်းသိမ်းထားတဲ့အတွက် လုံလောက်တဲ့ ကျန်းမာရေးစောင့်ရှောက်မှု အပြည့်အဝ ပေးရမယ့် တာဝန်ရှိပါတယ်။ ထောင်တွင်းရောက်ပြီးမှ သေဆုံးရတဲ့ လူတစ်ဦးတစ်ယောက်ချင်းစီအတွက်လည်း တာဝန်ခံ၊ထောင်တာဝန်ခံတွေအပါအဝင် စစ်ကောင်စီတာဝန်ယူမှု တာဝန်ခံမှု အပြည့်အဝ ခံရမှာဖြစ်တယ်” ဟုဆိုသည်။
ထို့အပြင် မတ်လတွင်း လှုပ်ခတ်သွားသည့် မန္တလေးငလျင်ကြောင့် မန္တလေးအိုဘိုအကျဉ်းထောင်တွင်လည်း နိုင်ငံရေးအကျဉ်းသား ၁၂ ဦး သေဆုံးခဲ့သည်ဟု မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက် -PPNM စာရင်းအရ သိရသည်။
မြန်မာတစ်နိုင်ငံလုံးတွင် စစ်တပ် အာဏာသိမ်းထားချိန်မှ စ၍ လေးနှစ်ကျော်အတွင်း လူပေါင်း ၂၉၀၀၀၀ ကျော်ကို ဖမ်းဆီးထောင်ချထားသည်ဟု နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း AAPP ရဲ့ မှတ်တမ်းများအရ သိရသည်။
ပုံစာ – ကသာအကျဉ်းထောင်တွင် သေဆုံးသွားသူ။ (ဓာတ်ပုံ PPNM)