

အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရ၏ ကျန်းမာရေးဌာနမှ ပြည်သူ့ကျန်းမာရေး ကြီးကြပ် (၂) ရာထူးအတွက် ဝန်ထမ်းများ ခေါ်ယူနေသည်ကို ထုတ်ပြန်ထားချက်အရ သိရသည်။
ပြီးခဲ့သည့် ဧပြီလ ၂၅ ရက်မှစတင် ခေါ်ယူနေခြင်းဖြစ်ပြီး မေလ ၁၅ ရက်အထိ လျှောက်လွှာများကို သက်ဆိုင်ရာမြို့နယ် ပြည်သူ့ကျန်းမားရေးဌာနသို့ ပေးပိုနိုင်သည်ဟု သိရသည်။
”အာရက္ခပြည်သူ့ကျန်းမာရေးဌာန၌ လိုအပ်နေသည့် ပြည်သူ့ကျန်းမာရေးကြီးကြပ် (၂) Grade 2 ရာထူးများကို ခန့်အပ်သွားမည်ဖြစ်သည့်အတွက် ကြီးကြပ် (၂) ရှစ်လသင်တန်းကို ခေါ်ယူသွားမည်ဖြစ်သည်” ဟု ဖော်ပြထားသည်။
ကြီးကြပ်သင်တန်းအား လျှောက်ထားသူများအနေဖြင့် အသက် ၃၀ နှစ် ဖြစ်ရမည်ဖြစ်သည်။ အနိမ့်ဆုံး အထက်တန်းအောင်မြင်ပြီးသူ ဖြစ်ရမည်ဟု သိရသည်။ ထို့အပြင် ဝေးလံခေါင်းဖျား ဒေသများ၌ နေထိုင်သူများအနေဖြင့်လည်း အထက်တန်းပညာသင်ကြားဖူးပါက လျှောက်ထားနိုင်ကြောင်း ပါရှိသည်။
သင်တန်းကာလမှာ ရှစ်လခန့်ကြာမြင့်မည်ဖြစ်ပြီး ရွေးချယ်ခံရသူများအနေဖြင့် မိမိစရိတ်ဖြင့် တက်ရောက်သင်ကြားရမည်ဖြစ်သည်။ ရွေးချယ်ခံရပါက မည်သည့် နေရာဒေသ၌မဆို အနည်းဆုံး ၅ နှစ်တာဝန် ထမ်းဆောင်ရမည်ဟု ပါရှိသည်။
ထို့အပြင် လျှောက်လွှာတင်ရာတွင် နိုင်ငံသား မှတ်ပုံတင်ကတ်ပြားမိတ္တူ တစ်စောင်၊ ပညာအရည်အချင်းဆိုင်ရာ အထောက်အထား (တစ်ခုခု)၊ ပြစ်မှုကင်းရှင်းကြောင်းအကျင့်စာရိတ္တ ကောင်းမွန်ကြောင်း သက်ဆိုင်ရာ ရပ်ကွက်ကျေးရွာအုပ်ချုပ်ရေးမှူး၏ ထောက်ခံချက် တစ်စောင် ပါရှိရမည်ဖြစ်ကြောင်း ဖော်ပြထားသည်။
Photo – APM