အမီးလေး
ကရင်နီပြည်နယ်၊ လွိုင်ကော်မြို့ အကျဉ်းထောင်တွင် အကျဉ်းကျနေသည့် နိုင်ငံရေး အကျဉ်းသားများထဲမှ ငါးဦးသည် လွတ်ရက်စေ့သော်လည်း ယနေ့အချိန်အထိ မလွှတ်ပေးသည့်အပြင် ပုဒ်မများ ပြန်တပ်ကာ ဖမ်းဆီးထားသည်ဟု ကရင်နီနိုင်ငံရေး အကျဉ်းသားများအသင်း-KPPA မှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။
“ပြန်ပြီးတော့ အဖမ်းခံရတာကတော့ ငါးယောက် ရှိပါတယ်။ပြန်လည်ဖမ်းဆီးခံထားရသူတွေကတော့ အကြမ်းဖက်ပုဒ်မကိုတပ်ပြီး ပြန်ပြီး တရားစွဲဆိုထားတယ်ပေါ့။ မ တစ်ဦး၊ ကျား လေးဦး အမှုရင်ဆိုင်နေဆဲပါ။ ပြန်ပြီး ဖမ်းဆီးခံထားရသူတွေကလည်း ကရင်နီသားတွေပဲ ဖြစ်ပါတယ်” ဟု ၎င်းက ဆိုသည်။
ယင်းသို့ ပုဒ်မ ထပ်တိုးတပ်ခံရသူများထဲတွင် အမျိုးသမီး တစ်ဦးနှင့် အမျိုးသား လေးဦး ပါဝင်ပြီး ၎င်းတို့သည် ၂၀၂၄ ခုနှစ် နိုဝင် ဘာလတွင် လွတ်ရက်စေ့သော်လည်း ယနေ့အချိန်အထိ လွတ်မြောက်လာခြင်း မရှိသေးပေ။
ထိုငါးဦးအား စစ်ကောင်စီမှ အကြမ်းဖက်မှု တိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၀ (ည) ဖြင့် အမှုဖွင့်ထားပြီး ထပ်မံ ဖမ်းဆီးခံရခြင်း အကြောင်းရင်းအား မသိရသလို စစ်ကောင်စီ အကျဉ်းဦးစီးများအနေဖြင့်လည်း မိသားစုဝင်များကို အကြောင်းပြချက် မပေးဟု ၎င်းက ဆက်ပြောသည်။
“သူတို့ဘက်က ဘာအကြောင်းပြချက်မှ မပေးဘဲ ပြန်ပြီးတော့ဖမ်းဆီးထားပါတယ်။ ငါးယောက်စလုံး ပုဒ်မ အတူတူပါပဲ။ ထောင်ဒဏ်က သုံးနှစ် ကျခဲ့ပြီးဖြစ်ပါတယ်။ မိသားစုနဲ့တော့ ရုံးထုတ်တွေကတော့ အဆက်အသွယ် ရနေပါတယ်။ ကျမတို့ကလည်း တတ်နိုင်သလောက် ထောင်ဝင်စာတွေ ပေးပို့ပေးနေပါတယ်” ဟု ဆိုသည်။
လွိုင်ကော်အကျဉ်းထောင်တွင် နိုင်ငံရေးအကျဉ်းသား ၁၀၀ ကျော်ရှိနေပြီး မြန်မာနှစ်သစ်ကူးနေ့တွင် နိုင်ငံရေးအကျဉ်းသူ တစ်ဦးမျှ လွတ်ငြိမ်ချမ်းသာတွင် မပါဝင်ခဲ့ပေ။
စစ်ကောင်စီ အာဏာသိမ်းပြီးနောက် လေးနှစ်ကျော်အတွင်း အရပ်သား ၂၉၀၀၀ ကျော်ကို ဖမ်းဆီးထောင်ချထားသည်ဟု နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း AAPP သတင်းများအရ သိရသည်။