ခင်သရဖီဦး
စစ်ကောင်စီတပ်နှင့် အာရက္ခတပ်တော် AA တို့ တိုက်ပွဲပြင်းထန်နေသည့် ကျောက်ဖြူမြို့နယ်တွင် ဧပြီလကုန်ပိုင်းမှစ၍ စစ်ဘေးရှောင်အရေအတွက် တိုးလာခြင်းကြောင့် နေထိုင်စားသောက်ရန် အတွက် စားနပ်ရိက္ခာ၊ ဆေးဝါးနှင့် အဝတ်အထည်များ လိုအပ်နေသည်ဟု စစ်ဘေးရှောင်များထံမှ သိရသည်။
ကျောက်ဖြူမြို့နယ်ရှိ မအူတော၊ ဝါးတော၊ မလကျွန်း၊ စစ်တော၊ ရှောက်ရှောင်၊ စည်မော်၊ စိုင်ခြုံစသည့် ကျေးရွာပေါင်း ၂၀ ခန့်မှ စစ်ဘေးရှောင်အရေအတွက် ၁၀၀၀၀ ကျော် ထပ်တိုးလာခြင်းကြောင့် အလှူရှင်များ ပိုမိုလိုအပ်နေသည်ဟု စစ်ရှောင်အရေး ကူညီပေးနေသည့် အသက် ၂၄ နှစ် အရွယ် ကျောက်ဖြူ ဒေသခံ လူငယ်တစ်ဦးက ဆိုသည်။
“အခုက စစ်ဘေးရှောင်တွေ နေ့တိုင်းနီးပါး ထပ်တိုးလာတာရှိတယ်။ စားဝတ်နေရေးကလည်း အဆင်မပြေကြဘူး။ အလှူရှင်တွေကလည်း ဒီဘက်ကို မလာကြဘူး။ အခုက ကုန်ဈေးနူန်းတွေကလည်း တက်လာတော့ ပိုဆိုးတယ်” ဟု ၎င်းက ပြောသည်။
တိုက်ပွဲစတင်ဖြစ်ပွားချိန်တွင် ကျောက်ဖြူမြို့၌ စစ်ဘေးရှောင် ၂၀၀၀၀ခန့်ရှိရာမှ လက်ရှိတွင် ထပ်တိုးလာသည့်အတွက် စစ်ဘေးရှောင် ၃၀၀၀၀ ခန့်အထိ ဖြစ်လာသည်ဟု သိရသည်။
ထို့အပြင် ကျောက်ဖြူတွင် စစ်ကောင်စီ၏ လေကြောင်းနှင့် ရေကြောင်းမှ လက်နက်ကြီးများ၊ ဗုံးများဖြင့် ရမ်းသမ်းပစ်ခတ်နေသည့်အတွက် တိုက်ပွဲဖြစ်ပွားခြင်းမရှိသည့် ကျေးရွာများမှလည်း စစ်ရှောင်များ ထပ်မံတိုးလာနိုင်ကြောင်း ၎င်းက ဆက်ပြောသည်။
“အခုက တိုက်ပွဲ မဖြစ်တဲ့ ရွာတွေကိုလည်း သူတို့က AA ရှိတဲ့ ဆိုပြီးတော့မှ လက်နက်ကြီးတွေ၊ ဒရုန်းတွေနဲ့ ပစ်ခတ်နေတာတွေ ရက်ဆက် ရှိနေတယ်။ ဆိုတော့ ရွာသားတွေက ရွာတွေမှာ မနေရဲတော့ဘူး။ ဘေးလွတ်ရာ နေရာတွေမှာ စစ်ဘေးရှောင်နေကြရတယ်။ စစ်ဘေးရှောင်တွေကတော့ ကျောက်ဖြူမှာ ထပ်တိုးလာနိုင်ခြေ အများကြီးရှိတယ်” ဟု ဆိုသည်။
ယင်းစစ်ဘေးရှောင်များအတွက် စားနပ်ရိက္ခာ၊ ဆေးဝါး၊ အဝတ်အထည်၊ အမိုးအကာများ စသည်တို့ လိုအပ်ချက်ရှိနေခြင်းဖြစ်သည်။
ကျောက်ဖြူတွင် မြေပြင်၌ စစ်ဘေးရှောင် ကူညီပေးနေသည့် အဖွဲ့အစည်းများရှိနေပြီး စားနပ်ရိက္ခာများ ထောက်ပံ့ပေးနေသော်လည်း နေ့စဉ် စစ်ရှောင်များ တိုးလာသည့်အတွက် စားနပ်ရိက္ခာ လိုအပ်ချက် မြင့်မားနေခြင်း ဖြစ်သည်။
ပုံစာ- ကျောက်ဖြူမြို့နယ်က စစ်ရှောင်စခန်းတစ်ခု (ဓာတ်ပုံ – ပေးပို့)