၂၀၂၁ ခုနှစ် အာဏာသိမ်းထားချိန်မှ ၂၀၂၅ ဧပြီ ၃၀ ရက်အထိ လေးနှစ်ကျော်ကာလအတွင်း စစ်ကောင်စီကြောင့် အပြစ်မဲ့ ပြည်သူ ၆၅၀၀ ကျော် သေဆုံးခဲ့ရသည်ဟု နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း AAPP က ယနေ့ မေလ ၁ ရက်တွင် ထုတ်ပြန်သည်။
ထိုအရေအတွက်ထဲတွင် အမျိုးသမီး ၁၅၀၀ ကျော်နှင့် အရွယ်မရောက်သေးသူ ကလေးငယ် ၇၀၀ ကျော် ပါဝင်သည်ဟု ထုတ်ပြန်ချက်မှာ ဖော်ပြထားသည်။
ယင်းသို့ သေဆုံးသူများထဲတွင် စစ်ကိုင်းတိုင်းက စစ်ကောင်စီကြောင့် သေဆုံးမှု အများဆုံး ဖြစ်သည်ဟု ဆိုသည်။
စစ်ကောင်စီကြောင့် သေဆုံးသူများထဲတွင် စစ်ကိုင်းတိုင်းမှ ၂၄၀၀ ကျော်၊ မန္တလေးတိုင်းမှ ၆၄၀ ကျော်၊ မကွေးတိုင်းမှ ၆၂၀ ကျော်၊ ရခိုင်ပြည်နယ်မှ ၅၆၀ ကျော်၊ ရန်ကုန်တိုင်းမှ ၃၅၀ ကျော်၊ တနင်္သာရီတိုင်းမှ ၂၈၀ ကျော်၊ ကချင်ပြည်နယ်မှ ၂၀၀ ကျော်၊ ချင်းပြည်နယ်မှ ၁၇၀ ကျော်၊ မွန်ပြည်နယ်မှ ၁၃၀ ကျော်၊ ကရင်ပြည်နယ် ၁၁၀ ကျော်၊ ကရင်နီပြည်နယ်မှ ၁၀၀ ကျော်၊ ဧရာဝတီတိုင်းမှ ၄၀ ကျော်၊ နေပြည်တော်မှ ၁၀ ကျော်နှင့် နေရာအတည်အကျ မဖော်ပြနိုင်ခဲ့သူ ကိုးဦး ရှိသည်ဟု AAPP က ဖော်ပြထားသည်။
ထို့အပြင် စစ်ကောင်စီမှ အာဏာသိမ်းထားသည့် လေးနှစ်ကျော်ကာလအတွင်း ဖမ်းဆီးထားသူ ၂၉၀၀၀ ကျော်ရှိပြီး ရန်ကုန်တိုင်းမှ အများဆုံး ဖမ်းဆီးခံထားရသည်ဟု သိရသည်။ ထိုထဲတွင် အမျိုးသမီး ၆၀၀၀ ကျော်၊ အရွယ် မရောက်သေးသူ ကလေးသူငယ် ၆၀၀ ကျော် ပါဝင်သည်ဟု AAPP မှ ဖော်ပြထားသည်။