ထိုင်း-မြန်မာနယ်စပ် မဲဆောက်မြို့ လိုတပ်စ် ဈေးဝယ်စင်တာတွင် ဖွင့်လှစ်ထားသည့် သြရွဇာရွှေဆိုင်ကို သေနတ်ပစ်ဖောက်၍ ဓါးပြတိုက်ခဲ့သည့် အမျိုးသားအား နှစ်လနီးပါးအကြာတွင် ချင်းမိုင်မြို့၌ ဖမ်းဆီးမိခဲ့သည်ဟု ထိုင်းအာဏာပိုင်များထံမှ သိရသည်။
ယင်းသို့ သေနတ် ပစ်ဖောက်၍ ဘတ်ငွေ ၄ သန်းကျော်တန်ဖိုးရှိ ရွှေထည်များကို ယူဆောင်သွားသည့် ထိုင်းအမျိုးသားအား ချင်းမိုင်မြို့ရှိ ဆန်ဆိုင်တွင် ဧပြီ ၃၀ ရက်က ဖမ်းဆီးနိုင်ခဲ့ခြင်း ဖြစ်သည်။
၎င်းအမျိုးသားကို ဓါးပြမှုအပြင် လိုင်စင်မရှိဘဲ လက်နက်ကိုင်ဆောင်မှု၊ အများပြည်သူနေရာများတွင် လက်နက်ကိုင်ဆောငမှုတို့ဖြင့် အမှုဖွင့်ထားပြီး ဇနီးသည်ကိုလည်း ကြံရာပါအဖြစ် အမှုတွဲထားသည်ဟု ထိုင်းသတင်းဌာနတစ်ခုဖြစ်သည့် AMARIN TV တွင် ဖော်ပြသည်။
ကြံရာပါအဖြစ်ဆောင်ရွက်ခဲ့သည့် တရားခံ၏ ဇနီးသည်ကိုတော့ ရဲတပ်ဖွဲ့က ခြေရာခံနိုင်ခဲ့ပြီး တာ့ခ်ခရိုင်မြို့တော်၊ တာ့ခ်မြို့တစ်နေရာ နမ်လွန်ခရိုင်ခွဲတွင် ဖမ်းဆီးနိုင်ခဲ့သည်ဟု သိရသည်။
ပြီးခဲ့သည့် မတ်လ ၂ ရက် ညနေ ၇ နာရီ မိနစ် ၂၀ ခန့်တွင် သြရွဇာ ရွှေဆိုင်ကို သေနတ် ပစ်ဖောက်ဝင်ရောက် လာပြီး ရွှေချိန် ၁၀၀ ကျပ်သားကျော် ယူဆောင်သွားခြင်း ဖြစ်သည်။
အဆိုပါ အမျိုးသားသည် ဓါးပြတိုက်သည့် နေ့တွင် Line Man အကျီဝတ်ပြီး သေနတ်တစ်ချက် ပစ်ဖောက်ကာ ရွှေဆိုင်မှ ရွှေထည်များအား အေးဆေး တည်ငြိမ်စွာ ယူဆောင်သွားသည်ကို CCTV မှတ်တမ်းများ အရ တွေ့မြင်ခဲ့ရသည်။