ခင်သရဖီဦး
ရခိုင်ပြည်နယ်ရှိ စစ်ဘေးရှောင်စခန်းများမှ တဲအိမ်များနှင့် အဆောင်များမှာ အမိုးအကာ ယိုယွင်းပျက်စီးမှုနှင့် မလုံလောက်မှုများ ရှိနေသည့်အတွက် မိုးရာသီ မကျရောက်မီ ပြုပြင်ပေးရန် အရေးတကြီး လိုအပ်နေသည်ဟု စစ်ဘေးရှောင်များက ပြောဆိုကြသည်။
အထူးသဖြင့် ရသေ့တောင်၊ မင်းပြား၊ မြောက်ဦး၊ ပေါက်တောနှင့် မြေပုံမြို့နယ်တို့မှ စစ်ဘေးရှောင်စခန်းများရှိ တဲအိမ်နှင့် အဆောင်များကို ပြုပြင်ရန် လိုအပ်မှုများရှိနေခြင်းဖြစ်သည်။
ယင်းစစ်ရှောင်စခန်းများထဲမှ ရသေ့တောင်၊ မင်းပြား၊ မြောက်ဦး၊ မြေပုံရှိ စစ်ရှောင်စခန်းများက ၂၀၁၈ ကတည်းက တည်ဆောက်ထားခြင်းဖြစ်ပြီး ပေါက်တောမြို့နယ်ရှိ စစ်ရှောင်စခန်းမှာ ၂၀၂၀ ခုနှစ်ကတည်းက တည်ဆောက်ထားခြင်း ဖြစ်သည်။
ပေါက်တောနယ်ရှိ စစ်ဘေးရှောင်စခန်း တစ်ခုတွင် နေထိုင်သည့် အသက် ၃၂ နှစ်အရွယ် စစ်ရှောင် အမျိုးသမီးတစ်ဦးက “အိမ်ခေါင်က မိုးထားတဲ့ တာလပတ်တွေ ပြဲနေပြီ။ အိမ်ဘေးက အကာတွေလည်း မလုံတော့ဘူး။ အခုက အိမ်တိုင်းလိုလို ပြုပြင်ပေးဖို့ လိုအပ်နေတာပါ” ဟု ပြောသည်။
၎င်းက ဆက်ပြီး “မိုးကျတော့မှာ ဆိုတော့ အိမ်တွေကလည်း ပြန်မပြုပြင်ရသေးတော့ စိုးရိမ်တယ်။ အခုတောင် မိုးတချက် တပြတ်တွေ ရွာနေပြီ။ မိုးရာသီဆိုရင် အဆင်မပြေဘူးလေ” ဟု ပြောသည်။
ရခိုင်ရှိ စစ်ဘေးရှောင်စခန်းအများအပြားတွင် ယင်းကဲ့သို့ လိုအပ်ချက်များရှိနေသည့်အတွက် အလှူရှင် လိုအပ်နေကြောင်းလည်း ရသေ့တောင်မြို့နယ်ရှိ စစ်ရှောင်စခန်းတစ်ခုမှ တာဝန်ခံ တစ်ဦးက ဆိုသည်။
“အိမ်တော်တော်များများ ပျက်စီးလာနေပြီး။ တာလပတ်၊ ဝါးတွေ၊ အမိုးအကာအတွက် ဓနိတွေ လိုအပ်နေတာပေါ့လေ။ အခုက အဲဒါတွေ ဝယ်ဖို့အတွက် ပိုက်ဆံတွေလည်း မရှိဘူးလေ။ ဆိုတော့ စခန်းက လူတွေကတော့ စစ်ဘေးရှောင်တွေကို မျှော့်လင်နေကြရတာပေါ့လေ” ဟု ၎င်းစခန်းတာဝန်ခံက ဆိုသည်။
ရခိုင်တွင် မိမိနေရပ်သို့ မပြန်နိုင်သည့် စစ်ဘေးရှောင် စုစုပေါင်း ၆ သိန်းကျော်ခန့်ရှိနေပြီး လက်ရှိတွင် အလှူရှင်အဖွဲ့အစည်းများ လှူဒါန်းမှု ရပ်တန့်သွားသည့်အတွက် စစ်ဘေးရှောင်များမှာ ရိက္ခာနှင့် ဆေးဝါးထောက်ပံ့မှုများလည်း မရရှိတော့သောကြောင့် အခက်အခဲများ ကြုံနေကြရခြင်းဖြစ်သည်။
ရခိုင်တွင် အာရက္ခတပ်တော် (AA) သိမ်းပိုက်ထားသည့် နယ်မြေများတွင်လည်း စစ်ကောင်စီက မကြာခဏ လေကြောင်းဖြင့်လည်းကောင်း၊ နေဗီမှ လက်နက်ကြီးများဖြင့်လည်းကောင်း ရမ်းသမ်း ပစ်ခတ်မှုများ ရှိနေသည့်အတွက် စစ်ဘေးရှောင်များမှာ မိမိနေရပ်သို့ မပြန်နိုင်ဘဲ စစ်ရှောင်စခန်းများတွင် ဆက်လက် စစ်ဘေးရှောင်နေကြရခြင်း ဖြစ်သည်။
ပုံစာ-ရခိုင်မှ စစ်ဘေးရှောင်စခန်းတစ်ခုအား တွေ့ရစဥ် (သံလွင်ခက်)

