ထိုင်းနိုင်ငံ၊ စမွတ်စခွန်ခရိုင်၊ မဟာချိုင်တွင်ရှိသည့် “လက်တွဲကူညီ AAC မဟာမိတ်” အဖွဲ့ ရုံးကို ယနေ့ မေလ ၁ ရက် (အလုပ်သမားနေ့) တွင် ထိုင်းအစိုးရတာဝန်ရှိသူများက လာရောက်ဖျက်သိမ်းခဲ့ကြောင်း AAC- မဟာမိတ်အဖွဲ့ ဒါရိုက်တာ ဦးခိုင်ကြီးက ပြောသည်။
“ဒီကနေ့ Mayday နေ့မှာ အခက်အခဲရှိ လုပ်သားများ အခမဲ့ ခိုလုံ အခမဲ့ကျွေးမွေးနေတဲ့ အဆောက်အဦးကို ထိုင်းအစိုးရက ဥပဒေနဲ့ မညီဘူး အကြောင်းပြပြီး မြေပိုင်ရှင်ကို ဖိအားပေး အတင်းလာဖြိုနေကြတာကို ကြည့်ပြီး ဘာပြောရမှန်းတောင် မသိတော့ဘူးဗျာ” ဟု ဦးခိုင်ကြီးက ပြောသည်။
AAC-ဂေဟာသည် ၁ဝ နှစ်ကျော်ကြာ အလုပ်သမားရေးအတွက် ဆောင်ရွက်ခဲ့ပြီး အလုပ်သမားများအား အခမဲ့ ခိုလုံခွင့်ပေးခဲ့ကြောင်း သိရသည်။
မြန်မာရွှေ့ပြောင်း အလုပ်သမားများအား ကူညီမှုပေးနေသည့် AAC ရွှေ့ပြောင်းအလုပ်သမားများ ကယ်ဆယ်ရေးဂေဟာကို ဒေသခံ ထိုင်းအာဏာပိုင်များမှ ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၂ဝ ရက်တွင် ချိတ်ပိတ်ကြောင်း စာကပ်ခဲ့သည်။
ထို့နောက် ပြီးခဲ့သည် ဧပြီလ ၂၂ ရက်တွင် ညနေ ၅ နာရီနောက်ဆုံးထားပြီး ဂေဟာအပြီး ပိတ်သိမ်းရန် ခရိုင်အုပ်ချုပ်ရေး တာဝန်ရှိသူများမှ အမိန့်ထုတ်ပြန်ခဲ့သည်။
အမိန့်ထုတ်ပြန်ပြီးနောက်တွင် ရေဖြတ် မီးဖြတ်ကာ ယနေ့ မေလ ၁ ရက်တွင် ထိုင်းအစိုးရတာဝန်ရှိသူများက လာရောက်ဖျက်သိမ်းခဲ့ကြောင်း သိရသည်။
ယနေ့ မေလ ၁ ရက် နံနက်ပိုင်းတွင် ထိုင်းအစိုးရတာဝန်ရှိသူများက AAC-ဂေဟာအား လာရောက်ဖျက်သိမ်းခဲ့ကြောင်း ဂေဟာအဖွဲ့ဝင်တစ်ဦးက Migrant Times ကို အတည်ပြုသည်။
AAC ဂေဟာတွင် ခိုလှုံနေကြသူ ၁ဝဝ ဝန်းကျင်ရှိပြီး ထိုင်းနိုင်ငံတွင် လုပ်ခလစာ မရရှိကြသူများ၊ လုပ်ငန်းခွင်အတွင်း ထိခိုက်ဒဏ်ရာ ရရှိထားပြီး နစ်နာကြေး မရရှိသူများ၊ အလုပ်ရှင်၊ အလုပ်သမား အငြင်းပွားမှု ပြဿနာ ဖြစ်ပွားနေသူများ၊ MOU စနစ်ဖြင့် ရောက်ရှိပြီး အလုပ်မရဘဲ နေထိုင်ဖို့ အခက်အခဲရှိသူများနှင့် သက်ကြီရွယ်အိုများ နေထိုင်နေကြကြောင်း သိရသည်။
သတင်း – Migrant Times (Photo – Hla Khaing/AAC- ဂေဟာ/ပေးပို့)




