အမီးလေး
စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်ရှိ ငါးမည်ရပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ ငွေကြေးလိမ်လည်မှုဟု စွပ်စွဲကာ ဖမ်းဆီးထားသည့် အမျိုးသမီး နှစ်ဦးအား အာမခံဖြင့် အမြန်ဆုံးလွှတ်ပေးရန်နှင့် ဖမ်းဆီးထားသူများ၏ မိသားစုဝင်များနှင့် တွေ့ဆုံခွင့်ပေးရန် ရှိ/Shield အမျိုးသမီးအဖွဲ့က တောင်းဆိုလိုက်သည်။ ထိုအမျိုးသမီးနှစ်ဦးသည် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် တစ်ဦး၏ မိခင်နှင့် ဇနီးဖြစ်သည်။ ဧပြီလ ၂၀ ရက်တွင် ငွေကြေး ကျပ် ရှစ်သိန်း လိမ်လည်သည်ဟုဆိုကာ ဖမ်းဆီးသွားခြင်းဖြစ်ပြီး ယနေ့အချိန်အထိ အဆက်အသွယ် မရသေးဟု ရှိ/Shield အဖွဲ့မှ အတွင်းရေးမှူး ကိုရဲလင်းက ပြောသည်။ “ငါးမည်ရက မိသားစု တစ်စုလုံးကို ဖမ်းဆီးသွားတာ အရင် ငါးယောက် ပါတယ်။ အိမ်ထောင်ဦးစီး ပါတယ်။ ဇနီး ပါတယ်။ သားနှစ်ယောက်ရယ် ချွေးမ ပါတယ်။ ဖမ်းဆီးသွားတယ်။ သူတို့ရဲ့ အကြောင်းပြချက်ကတော့ ငွေကြေးလိမ်လည်လို့ ဒီသူတို့ရဲ့ တပ်ဖွဲ့ရဲ့ ငွေကြေးအပေါ် ကြံရာပါအနေနဲ့ပေါ့။ သူတို့က ဖမ်းဆီးသွားတာ ဖြစ်ပါတယ်။ ဒါပေမယ့် နောက်တစ်နေ့ မနက်မှာပဲ အမျိုးသား သုံးဦးကို ပြန်လွှတ်ပေးပြီးတော့ အမျိုးသမီး နှစ်ဦး ကျန်ခဲ့တာပေါ့” ဟု ၎င်းက ဆိုသည်။
ပြန်လွတ်လာသည့် အမျိုးသား သုံးဦးသည် မိတ္ထီလာခရိုင် အမှတ် ၁၈၄၇ ဒရုန်းတပ်ရင်းမှ ရဲဘော်များဖြစ်ပြီး လက်ရှိ ဖမ်းဆီးခံထားရသူ အမျိုးသမီး နှစ်ဦး၏ မိသားစုဝင်များဖြစ်သည်။ ထိုအမျိုးသားနှစ်ဦးအား မိတ္ထီလာခရိုင်တပ်ရင်းမှ အာမခံဖြင့် ထုတ်နိုင်ခဲ့သော်လည်း အမျိုးသမီး နှစ်ဦးအား ထုတ်ရန် ငါးမည်ရပြည်သူ့ကာကွယ်ရေးတပ်သို့ ဆက်သွယ်သော်လည်း အချိတ်အဆက်မရခြင်းကြောင့် ယခုကဲသို့ ထုတ်ပြန်ရခြင်းဖြစ်သည်ဟု ကိုရဲလင်းက ဆက်ပြောသည်။ “အမျိုးသမီး နှစ်ယောက်ကိုတော့ ပြန်မလွှတ်ပေးဘဲနဲ့ ဖမ်းထားတာ လက်ရှိအချိန်အထိကို အဆက်အသွယ် မရသေးပါဘူး၊ မိသားစုနဲ့ရော ကြားခံဖြေရှင်းပေးမယ့် အဖွဲ့အစည်းတွေနဲ့ရော တွေ့ခွင့် မရဘူး။ တစ်ဖက်က တာဝန်ရှိတဲ့ သူတွေကလည်း ကြားခံဖြေရှင်းပေမယ့် မိတ္ထီလာခရိုင် ဒရုန်းတပ်က တာဝန်ရှိတဲ့ သူလည်း ဆက်သွယ်တာကို ဘာမှ အဆက်အသွယ် မရဘူး ဖြစ်နေတာပေါ့၊ ဒါကြောင့် ထုတ်ပြန်ရခြင်း ဖြစ်ပါတယ်” ဟုဆိုသည်။ အဆိုပါ ကျပ် ရှစ်သိန်းအား စစ်ကောင်စီတပ်သားတချို့ ငါးမည်ရပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့သို့ အလင်းဝင်လာမည်ဟု ဆိုကာ ချိတ်ဆက်လာခြင်းကြောင့် လမ်းစရိတ်အဖြစ် ထုတ်ပေးလိုက်ပြီး အလင်းဝင်လာမည်ဆိုသည့် တပ်သားများက ငွေများအား လိမ်လည်သွားခြင်းဖြစ်သည်ဟု ရှိ/Shield အမျိုးသမီးအဖွဲ့၏ ပြောဆိုချက်အရ သိရသည်။
ငါးမည်ရပြည်သူ့ကာကွယ်ရေးတပ်အနေဖြင့် ထိုလိမ်လည်မှုအား ကြားခံအနေဖြင့် ချိတ်ဆက်ပေးသည့် လင်မယား နှစ်ဦးအား စစ်ဆေးရာ ဖမ်းဆီးခံထားရသည့် အမျိုးသမီး နှစ်ဦး၏ အချိတ်အဆက်သာဖြစ်သည်ဟု ပြန်ပြောခြင်းကြောင့် ထိုအမျိုးသမီး နှစ်ဦးအား ငွေကြေးလိမ်လည်မှုဖြင့် ဖမ်းဆီးထားခြင်းဖြစ်သည်ဟုသိရသည်။ ယင်းသို့ ဆယ်ရက်ကျော်ကြာ ဖမ်းဆီးထားသည့် အမျိုးသမီးနှစ်ဦးနှင့် ပတ်သတ်၍ ငါးမည်ရပြည်သူ့ကာကွယ်ရေးအဖွဲ့၏ Facebook page သို့ ဆက်သွယ်မေးမြန်းခဲ့သော်လည်း အချိန်မီ ဖြေကြားခြင်း မရှိပေ။ ပုံစာ – ဖမ်းဆီးခံထားရသည့် အမျိုးသမီး နှစ်ဦး (ဓာတ်ပုံ – ရှိ/Shield အမျိုးသမီးအဖွဲ့)