မြန်မာနိုင်ငံအနောက်ပိုင်းမှာရှိတဲ့ ရခိုင်ပြည်နယ်အတွက် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီပေးရေးစင်္ကြန် တည်ဆောက်ဖို့ ကုလသမဂ္ဂရဲ့ အဆိုပြုချက်ကို ဘင်္ဂလားဒေ့ရှ်နိုင်ငံက မူအားဖြင့် သဘောတူတယ်လို့ ဘင်္ဂလားဒေ့ရှ်နိုင်ငံခြားရေးဝန်ကြီးဌာန အကြံပေးပုဂ္ဂိုလ် တူဟစ် ဟူစိန်က ပြီးခဲ့တဲ့ ဧပြီလ ၂၈ ရက်မှာ ပြောခဲ့ပါတယ်။
ကုလသမဂ္ဂရဲ့ အဆိုပြုချက်ကို ဘင်္ဂလားဒေ့ရှ်နိုင်ငံက မူအားဖြင့် သဘောတူတယ်ဆိုပေမယ့် လက်တွေ့ အကောင်အထည်ဖော်ဆောင်ရွက်တဲ့ နေရာမှာ အခြေအနေတချို့တော့ ရှိနေတယ်လို့လည်း သူက ပြောပါတယ်။
ပြီးခဲ့တဲ့ မတ်လတုန်းက ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတာရက်စ် ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ၄ ရက်ကြာ သွားရောက်လည်ပတ်ခဲ့ပြီး အဲဒီခရီးစဉ်အတွင်း ဘင်္ဂလားဒေ့ရှ်အာဏာပိုင်တွေနဲ့ ဆွေးနွေးခဲ့ရာမှာ ဘင်္ဂလားဒေ့ရှ်နိုင်ငံကနေတဆင့် မြန်မာနိုင်ငံကို လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီတွေ ပေးအပ်ဖို့ ဆွေးနွေးခဲ့ပါတယ်။
ဒီလို လုပ်ဆောင်တာက ရိုဟင်ဂျာမွတ်ဆလင်မ်တွေ နေရပ်ပြန်ပို့ရေးအတွက် အထောက်အကူဖြစ်စေမှာ ဖြစ်တယ် ဆိုပေမယ့် အာဏာပိုင်တွေနဲ့ မြန်မာ့ပဋိပက္ခမှာ ပါဝင်နေကြသူတွေရဲ့ ပူးပေါင်းဆောင်ရွက်မှုတွေ လိုအပ်တယ်လို့လည်း ကုလသမဂ္ဂအတွင်းရေးမှူးချုပ်က ဝန်ခံပြောကြားခဲ့ပါတယ်။
သတင်းထောက်တွေနဲ့ တွေ့ဆုံချိန်မှာ ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးဝန်ကြီးဌာနအကြံပေးပုဂ္ဂိုလ် တူဟစ် ဟူစိန်က လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီပေးရေးစင်္ကြံ တည်ဆောက်မယ့် အစီအစဉ်နဲ့ပတ်သက်ပြီး အသေးစိတ် ပြောကြားတာမျိုး မရှိခဲ့ပေမယ့် အဓိကအချက်ကတော့ ရိုဟင်ဂျာမွတ်ဆလင်မ်တွေ နေရပ်ပြန်ရေးအတွက် အဆင်ပြေတဲ့ အခြေအနေမျိုး ဖန်တီးပေးဖို့ ရည်ရွယ်ထားကြောင်း သံတမန်ရင်းမြစ် တစ်ခုက ဆိုပါတယ်။
ရခိုင်ပြည်နယ်ရဲ့ ၈၀ ရာခိုင်နှုန်းကျော်ကို ထိန်းချုပ်ထားတဲ့ အာရက္ခတပ်တော် – AA နဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံတို့ အကြား တရားဝင်ဆက်ဆံရေး မရှိသေးပေမယ့် နယ်စပ်ဒေသ တည်ငြိမ်ဖို့ဆိုရင် AA နဲ့ အဆက်အသွယ် ဖြတ်တောက်ထားဖို့ မဖြစ်နိုင်ဘူးလို့ တူဟစ် ဟူစိန်က ပြောဆိုခဲ့ပါတယ်။
ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ မြန်မာနိုင်ငံကနေ နေရပ်စွန့်ခွာ ထွက်ပြေးလာကြတဲ့ ရိုဟင်ဂျာမွတ်ဆလင်မ် ၁ ဒဿမ ၂ သန်းဝန်းကျင် နေထိုင်နေပြီး သူတို့တွေ အားလုံးကို ဘင်္ဂလားဒေ့ရှ်အစိုးရက နေရပ်ပြန်ပို့ချင်နေပါတယ်။
Ref: Asia News
ပုံစာ – ကုလသမဂ္ဂအတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတာရက်စ်နဲ့ ရိုဟင်ဂျာမွတ်ဆင်မ်ဒုက္ခသည်တွေ မတ်လ ၁၄ ရက်က တွေ့ဆုံခဲ့တဲ့ မြင်ကွင်း။