အမီးလေး
စစ်ကိုင်းတိုင်း၊ ဝန်းသိုမြို့နယ်၊ အာမခံကျေးရွာအနီးတွင် ဝန်းသိုမှ ဈေးရောင်းလာသည့် ကလေးငယ်နှင့် ပြည်သူ ခုနှစ်ဦးကို ဧပြီလ ၂၆ ရက် နံနက် လေးနာရီခန့်က စစ်ကောင်စီ စစ်ကြောင်းက သေနတ်နှင့် ဓားများ အသုံးပြုကာ ပစ်သတ်သွားသည်ဟု Kawlin info မှ တာဝန်ရှိသူက အတည်ပြုပြောသည်။ “အဲဒီရွာနားမှာ ဖြစ်သွားတာ။
ဝန်းသိုမြို့ပေါ်က ဈေးရောင်းတာ ဈေးသည်တွေ အဲဒီမှာ စစ်ကြောင်းရှိတယ်။ လေးနာရီဝန်းကျင်မှာ သူတို့ ဈေးထွက်ရောင်းတဲ့ အချိန် ဈေးရောင်းဖို့ သွားတဲ့ အချိန် တိုးတော့ အဲဒီမှာ စစ်တပ်က လူတွေကလည်း စိုးရိမ်စိတ်နဲ့ဆိုတော့ အသတ်ခံရတာပေါ့။ သတ်သွားတာကတော့ သေနတ် အရာရော ဓားရာတွေရော အဲဒီနားပတ်ဝန်းကျင်က သေနတ်သံတွေရော ကြားရတယ် ပြောတယ်” ဟု ၎င်းက ဆိုသည်။ သေဆုံးသူများထဲတွင် လေးလသားအရွယ် ကလေးငယ် တစ်ဦးနှင့် တစ်နှစ်သားအရွယ် ကလေးငယ် တစ်ဦး ပါဝင်ပြီး အမျိုးသမီး လေးဦးနှင့် အမျိုးသား တစ်ဦးတို့ ပါဝင်သည်ဟု သိရသည်။
သို့သော် စစ်ကောင်စီ၏ ဝါဒဖြန့် တယ်လီဂရမ်ချန်နယ်များတွင်မူ သေဆုံးသူ ခုနှစ်ဦးအား ဒေသခံ ကာကွယ်ရေးတပ်များက သတ်ဖြတ်သွားခြင်းဖြစ်သည်ဟု ရေးသားဖော်ပြထားသည်ကိုတွေ့ရသည်။ Kawlin info မှ တာဝန်ရှိသူကတော့ “သိရတာက အဲဒီနေ့ကတည်းက သိရတယ်။ ကျတော်တို့ သေချာအောင် စုံစမ်းနေတာ။ အဲဒီနေရာက စကစနဲ့ ပျူစောထီးတွေ ကြီးစိုးတဲ့ နယ်မြေဆိုတော့ စုံးစမ်းရခက်တယ်၊ သူတို့ စကစပေ့ချ်တွေမှာ တင်ထားတာတော့ ရှိတယ်” ဟု ပြောသည်။ ဝန်းသိုမြို့နယ်၊ ဂျိုးတောင်ကျေးရွာတွင်လည်း ဧပြီလ ၁၃ ရက်၌ စစ်ကောင်စီတပ်၏ ဂျက်ဖိုက်တာဖြင့် ဗုံးကြဲတိုက်ခိုက်မှုကြောင့် ဘုန်းတော်ကြီးကျောင်း ထိမှန်ပြီး ဆရာတော် တစ်ပါး ထိခိုက်ဒဏ်ရာရရှိခဲ့သည်။
ပုံစာ- ဧပြီလ ၂၆ ရက်တွင် စစ်ကောင်စီတပ်က သတ်ဖြတ်သွားသည့် ဒေသခံများ