အလုပ်သမားသမဂ္ဂ၊ မုဆိုးကမ်းနားနှင့် မဟာမိတ်အဖွဲ့များသည် ယနေ့တွင် ထိုင်းနိုင်ငံရှိ မြန်မာသံရုံးသို့ သွားရောက်ကာ BIMSTEC အစည်းအဝေးသို့ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို ထိုင်းနိုင်ငံမှ ဖိတ်ကြားခဲ့ခြင်းနှင့် ပတ်သက်၍ ကြေညာချက်ဖတ်ကြားခဲ့သည်။
အဆိုပါ ကြေညာချက်တွင် တောင်းဆိုချက် ၄ ခုပါဝင်ပြီး ထိုင်းအစိုးရအား စစ်ကောင်စီနှင့် ဆက်ဆံရေးပုံစံအားလုံးကို အဆုံးသတ်ရမည်ဖြစ်ပြီး ထိုင်းနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပသည့် မည်သည့်နိုင်ငံတကာဖိုရမ်တွင်မဆို ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို အသိအမှတ်ပြုခြင်း သို့မဟုတ် ဖိတ်ကြားခြင်းမပြုရန် တောင်းဆိုထားသည်။
ထို့အပြင် စစ်ခေါင်းဆောင်ကို BIMSTEC အစည်းအဝေးသို့ ဖိတ်ကြားခြင်းသည် ထိုင်းအစိုးရမှ လိုက်နာသင့်သော လူ့အခွင့်အရေးအခြေခံမူများနှင့် ဒီမိုကရေစီတန်ဖိုးများကို ထိခိုက်စေပြီး ရွေးကောက်ခံအစိုးရတစ်ရပ်အနေဖြင့် တာဝန်သိစွာြဖင့် ပြည်သူများအပေါ် ရာဇဝတ်မှုကျူးလွန်သော အာဏာရှင်ခေါင်းဆောင်များကို အသိအမှတ်ပြုခြင်းမပြုရန်လည်း တောင်းဆိုထားသည်။
မင်းအောင်လှိုင်နှင့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ (SAC) ကို ဖယ်ရှားရမည်ဖြစ်ပြီး ဘေးအန္တရာယ်များကို ပုံရိပ်တည်ဆောက်ရေးအတွက် စင်မြင့်အဖြစ် အသုံးပြုသော၊ ကူညီထောက်ပံ့မှုများကို မိမိကိုယ်ကျိုးအတွက် အသုံးပြုသော၊ ပြည်သူများနှင့် စစ်ပွဲကို ဆက်လက်ဆင်နွှဲနေသော အာဏာရှင်ခေါင်းဆောင်တစ်ဦးအား BIMSTEC သို့မဟုတ် အာဆီယံကဲ့သို့သော မည်သည့် နိုင်ငံတကာဖိုရမ်တွင်မဆို နေရာမပေးသင့်ဟုလည်း ထောက်ပြတောင်းဆိုခဲ့ကြသည်။
ဝန်ကြီးချုပ် ပေထုန်တန် ရှင်နဝါထရာ ဦးဆောင်သည့် ထိုင်းအစိုးရသည် BIMSTEC အစည်းအဝေးကို အိမ်ရှင်အဖြစ် ကျင်းပခဲ့ပြီး မြန်မာနိုင်ငံ၏ အာဏာသိမ်းခေါင်းဆောင်နှင့် လူသားမျိုးနွယ်စုအပေါ် ကျူးလွန်သည့် ရာဇဝတ်မှုများနှင့် လူမျိုးတုံးသတ်ဖြတ်မှုအတွက် နိုင်ငံတကာ ဖမ်းဝရမ်းထုတ်ခံထားရသူ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို ဖိတ်ကြားခဲ့သည့် အပေါ် အဆိုပါလုပ်ရပ်သည် ဒီမိုကရေစီအခြေခံမူများ၊ လူ့အခွင့်အရေးများကို ချိုးဖောက်သည့်အပြင် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်တွင် အာဏာသိမ်းယူခဲ့ချိန်မှစ၍ မြန်မာပြည်သူများကို အကြမ်းဖက်နှိပ်စက်နေသော စစ်အာဏာရှင်စနစ်ကို အားပေးထောက်ခံခြင်းဖြစ်သည်ဟု ကြေညာချက်တွင် ထည့်သွင်းပြောဆိုခဲ့သည်။
အာဆီယံလွှတ်တော်အမတ်များ လူ့အခွင့်အရေးအဖွဲ့ (APHR) ကဲ့သို့ ပြည်တွင်းနှင့် နိုင်ငံတကာအရပ်ဘက်အဖွဲ့အစည်းများကလည်း ဘန်ကောက်ရှိ BIMSTEC ဖိုရမ်တွင် စစ်ကောင်စီကို ရှုတ်ချခဲ့ကြသည်။ အာဏာသိမ်းခေါင်းဆောင်ကို အဆိုပါဖိုရမ်တွင် နေရာပေးခြင်းသည် ၎င်းတို့၏ ရက်စက်ကြမ်းကြုတ်သော အစိုးရကို တရားဝင်ဖြစ်စေရုံသာမက ငြိမ်းချမ်းရေး၊ တည်ငြိမ်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးကို ဦးတည်သော ဒေသဆိုင်ရာအဖွဲ့အစည်းတစ်ခုအဖြစ် BIMSTEC ၏ ယုံကြည်စိတ်ချရမှုကိုလည်း ထိခိုက်စေသည်ဟု ဖော်ပြခဲ့ကြသည်။
စစ်ခေါင်းဆောင်ကို ပါဝင်ခွင့်ပြုရန် အိမ်ရှင်နိုင်ငံအနေဖြင့် ထိုင်းနိုင်ငံ၏ ဆုံးဖြတ်ချက်သည် စွပ်စွဲခံထားရသော နိုင်ငံတကာရာဇဝတ်ကောင်အား သံတမန်ရေးဆိုင်ရာ နေရာပေးရုံသာမက မြန်မာစစ်အစိုးရနှင့် အာဏာရှင်စနစ်ကို တရားဝင်ဖြစ်စေသည်ဟုလည်း ထောက်ပြကြသည်။
စစ်ခေါင်းဆောင်မင်းအောင်လှိုင်၏ ဘန်ကောက်ခရီးစဉ်သည် ငလျင်ကြောင့် သေဆုံးသူဦးရေ ၄၀၀၀ ကျော်အထိ တိုးမြင့်လာပြီး ဆက်လက်တိုးပွားလျက်ရှိသည့် အချိန်၊ ပျောက်ဆုံးသူ ၇၆၉ ဦးနှင့် ဒဏ်ရာရသူ ၆၀၀၀ ကျော်ရှိနေသည့် အချိန်တွင် ဖြစ်ပြီး ဧပြီ ၄ ရက်ညတွင် မြန်မာနိုင်ငံသို့ ပြန်လည်ရောက်ရှိသွားပြီဖြစ်သည်။
သတင်းနှင့် ဓာတ်ပုံ – The Reporters