ရွှေ့ပြောင်းအလုပ်သမားများ၏ “မင်းအောင်လှိုင်” ကို ဆန့်ကျင်ဆန္ဒပြမှုကို စီစဉ်သူများအား ထိုင်းအမျိုးသားရေးလှုပ်ရှားသူများ ပါဝင်သည့် အဖွဲ့အစည်းကာကွယ်ရေးအုပ်စုက ယနေ့နံနက်တွင် တိုက်ခိုက်ရန် ကြိုးပမ်းခဲ့သဖြင့် မစတင်နိုင်ဘဲ ရပ်တန့်ခဲ့ရသည်ဟု ထိုင်းသတင်းဖော်ပြချက်များအရ သိရသည်။
ဧပြီလ ၅ ရက်နေ့၊ နံနက် ၁၀:၄၅ နာရီတွင် ထိုင်းနိုင်ငံရှိ မြန်မာရွှေ့ပြောင်းအလုပ်သမားများပါဝင်သော Bright Future အဖွဲ့က ကုလသမဂ္ဂရုံးရှေ့တွင် အနက်ရောင်အင်္ကျီများဝတ်ဆင်၍ BIMSTEC အစည်းအဝေးသို့ တက်ရောက်ခဲ့သော စစ်အာဏာရှင် မင်းအောင်လှိုင်အား ဖယ်ရှားရေးအတွက် ကြွေးကြော်ဆန္ဒပြရန် စီစဉ်ခဲ့စဉ် ထိုသို့ ဖြစ်ပွားခဲ့သောကြောင့် ထိုင်းရဲတပ်ဖွဲ့က Bright Future အဖွဲ့များကို ဘေးလွတ်ရာသို့ ခေါ်ဆောင်သွားရသည်။
၁၀:၂၀ နာရီတွင် PDRC ဥက္ကဋ္ဌ၊ အဖွဲ့အစည်းကို ကာကွယ်သော ပြည်သူ့သစ္စာရှိအဖွဲ့ ဥက္ကဋ္ဌ တို ဦးဆောင်သော အဖွဲ့အစည်းကာကွယ်ရေးအုပ်စု၏ အသံချဲ့စက်ယာဉ်သည် ကုလသမဂ္ဂရုံးရှေ့တွင် ဆန္ဒပြရန် ကြိုရောက်နေပြီး ၁၀:၄၅ နာရီတွင် Bright Future အဖွဲ့၏ စီစဉ်သူ ရောက်ရှိလာချိန်တွင် အဖွဲ့အစည်းကာကွယ်ရေးအုပ်စုဝင်များမှ လည်ပင်းညှပ်ရန် ကြိုးစားရာမှ ရုန်းရင်းဆန်ခတ်ဖြစ်ပွားခဲ့သည်ဟု သိရသည်။ ထိုင်းရဲများက Bright Future အဖွဲ့၏ စီစဉ်သူ ကာကွယ်ရန်နှင့် လုံခြုံရေးထိန်းသိမ်းရန် ကြိုးပမ်းခဲ့သည်ဟု သတင်းများတွင် ဖော်ပြထားသည်။
ထို့နောက် ရဲများသည် Bright Future အဖွဲ့၏ စီစဉ်သူကို နေရာမှ ခေါ်ထုတ်သွားပြီး အဖွဲ့အစည်းကာကွယ်ရေးအုပ်စုသည် ကုလသမဂ္ဂရုံးရှေ့ရှိ ၎င်းတို့၏ ဆန္ဒပြပွဲသို့ ပြန်သွားကြသည်ဟု သိရသည်။
ယနေ့နေ့လယ်တွင် ပြည်သူ့သစ္စာဥက္ကဋ္ဌက Bright Future အဖွဲ့၏ စီစဉ်သူ ဝီရအား ထိုင်းနိုင်ငံသားများ၏ အခွင့်အရေးနှင့် လွတ်လပ်ခွင့်ဆိုင်ရာ ဖွဲ့စည်းပုံအခြေခံဥပဒေ အခန်း ၃၊ ‘လျှို့ဝှက်အသင်းများနှင့် ရာဇဝတ်သားဂိုဏ်းများ’ ဆိုင်ရာ ပုဒ်မ ၂၅ ကို ချိုးဖောက်မှုနှင့် အင်တာနက်မှတစ်ဆင့် ကြေညာခြင်းဖြင့် အခြားသူများကို အဓိကရုဏ်းဖြစ်အောင် ဖိတ်ခေါ်သည့်အတွက် အမှုဖွင့်ရန် Nang Loeng ရဲစခန်းသို့ သွားရောက်ခဲ့သည်ဟု ထိုင်းသတင်းဖော်ပြချက်များအရ သိရသည်။
ပုံစာ – ဘန်ကောက်မြို ကုလသမဂ္ဂ UN ရုံးရှေ့တွင် စစ်ခေါင်းဆောင်ကို ဆန္ဒပြရန် စီစဉ်နေသော Bright Future အဖွဲ့နှင့် ထိုင်းအမျိုးသားရေးလှုပ်ရှားသူအချို့ ရုန်းရင်းဆန်ခတ်ဖြစ်သည့် မြင်ကွင်းများ





