အမီးလေး
မန္တလေးအိုးဘိုအကျဉ်းထောင်တွင် အကျဉ်းကျနေသည့် နိုင်ငံရေးအကျဉ်းသူ ခြောက်ဦး ငလျင်ကြောင့် သေဆုံးခဲ့ရသည်ဟု မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက်မှ သိရသည်။
PPNM မှ တာဝန်ရှိသူ ကိုသိုက်ထွန်းဦးက “ဒီ ခြောက်ဦးကတော့ ငလျင်ဖြစ်ဖြစ်ချင်း ရက်တွေမှာပဲ ငလျင်ရဲ့ အဆောက်အအုံပြိုကျမှုကြောင့် ဆုံးသွားတာဖြစ်ပါတယ်၊ချက်ချင်းဆုံးသွားတဲ့သူတွေ ရှိသလို ကယ်ထုတ်ပြီးတော့မှ ဆုံးသွားတဲ့ အခြေအနေတွေလည်း ဖြစ်ခဲ့တယ်လို့ သိထားရပါတယ်” ဟု ပြောသည်။
သေဆုံးသွားသည့် နိုင်ငံရေးအကျဉ်းသူများသည် စစ်တပ်အာဏာသိမ်းပြီးနောက် ဖမ်းဆီးခံထားရသူများ ဖြစ်ပြီး ပုဒ်မ ၅၀၅ နှင့် အကြမ်းဖက်ပုဒ်မများဖြင့် အကျဉ်းချခံထားရသူများဖြစ်သည်။
အိုးဘိုထောင်ရှိ အမျိုးသမီးအဆောင် ၁ နှင့် ၂ တို့မှ အကျဉ်းသူများဖြစ်ပြီး သေဆုံးခဲ့ရသူများမှာ မမိုးသူဇာခိုင်၊ ဒေါ်လဲ့လဲ့စိုး၊ဒေါ်ခင်အုန်းရွှေ၊ မကေကေဝင်း၊ မပပဝင်းနှင့် မဖူးဝေဝေ တို့ဖြစ်သည်ဟု PPNM က ထုတ်ပြန်သည်။
နိုင်ငံရေးအကျဉ်းသား သေဆုံးမှုကိုတော့ အတည်မပြုနိုင်သေးဟု ကိုသိုက်ထွန်းဦးက ပြောသည်။
၎င်းက “အကျဉ်းသားတွေဘက်လည်း အတည်ပြုနေဆဲဖြစ်ပါတယ်။ အနည်းဆုံး တစ်ဦးကတော့ အဲဒီဖြစ်တဲ့အချိန် ဆုံးခဲ့တာကိုတော့ ကျွန်တော်တို့ သိရှိထားပြီးမှ နိုင်ငံရေးအကျဉ်းသားဖြစ်ကြောင်း၊ ပုဒ်မတွေ အကျဉ်းသားဖြစ်ကြောင်း ဝန်ထမ်းဖြစ်ကြောင်း အတည်ပြုနေဆဲဖြစ်ပါတယ်” ဟုဆိုသည်။
မတ်လ ၂၈ ရက်နေ့တွင် လှုပ်ခတ်သွားသည့် အလွန်အင်အားပြင်းထန်သော ငလျင်ကြောင့် လက်ရှိအချိန်အထိ မန္တလေးအိုးဘိုထောင်မှ အကျဉ်းသား၊ အကျဉ်းသူ ၁၂ ဦး သေဆုံးခဲ့သည်ဟု သိရသည်။
ပုံစာ – ပြိုကျခဲ့သော အိုးဘိုထောင်တွင်း တစ်နေရာ