ငလျင်ဘေးဒဏ်ကြုံတွေ့နေရသော အခြေအနေများအတွက် ကယ်ဆယ်ရေးလုပ်ဆောင်နိုင်ရန် ဧပြီ ၂ ရက်မှ ဧပြီ ၂၂ ရက်အထိ ယာယီအပစ်ရပ်ကြောင်း စစ်ကောင်စီက ယနေ့ညပိုင်းတွင် သတင်းထုတ်ပြန်ခဲ့သည်။
သုံးပတ်ကြာအပစ်ရပ်စဲကာ ငလျင်ဘေးကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို အရှိန်အဟုတ်မြှင့်ဆောင်ရွက်သွားရန်နှင့် တည်ငြိမ်အေးချမ်းရေးကို ရှေးရှုသည်ဟု ဖော်ပြထားသည်။
သို့ရာတွင် အဆိုပါကာလအတွင်း လက်နက်ကိုင်အဖွဲ့များအနေဖြင့် ပြည်သူများအသုံးပြုနေသော ဆက်သွယ်ရေးလမ်းကြောင်းများကို တိုက်ခိုက်ခြင်း၊ စစ်ကောင်စီတပ်စခ်နးများနှင့် ဌာနချုပ်များကို တိုက်ခိုက်ခြင်း၊ တပ်သားစုဆောင်းခြင်းနှင့် နယ်မြေချဲ့ထွင်ခြင်းများကို လုပ်ဆောင်ပါက တုန့်ပြန်ဆောင်ရွက်သွားမည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ဧပြီ ၁ရက်တွင် အမျိုးသားသားညီညွတ်ရေးအစိုး(NUG)၊ မြောက်ပိုင်းမဟာမိတ်သုံးဖွဲ့ဖြစ်သော အာရက္ခတပ်တော်(AA)၊ တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်(TNLA)နှင့် ကိုးကန့်တပ်ဖွဲ့ မြန်မာအမျိုးသား ဒီမိုကရက်တစ်မဟာမိတ်တပ်မတော် (MNDAA)တို့ကလည်းငလျင်ကယ်ဆယ်ရေးနှင့် လူသားချင်းစာနာထောက်ထားမှုအကူအညီများဆောင်ရွက်နိုင်ရန်အတွက် ဧပြီလ တစ်လအား အပစ်ရပ်ကာလအဖြစ် သတ်မှတ်ကြောင်းထုတ်ပြန်ခဲ့သည်။
ငလျင်ဒဏ်သင့် ပြည်သူများကို ကူညီကယ်ဆယ်ရေးလုပ်ငန်းများမြန်ဆန်ထိရောက်စွာလုပ်ကိုင်နိုင်ရန် ယာယီအပစ်ရပ်မည်ဟု ညီနောင်မဟာမိတ်သုံးဖွဲ့နှင့် NUG ကကြေညာ ထားသော်လည်း စစ်ကောင်စီဘက်ကမူ ဆက်လက်တိုက်ခိုက်မည်ဟုအာဏာသိမ်းခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ဧပြီ ၁ ရက်တွင်ပြောသည်။
အချို့သောတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များအနေဖြင့် လက်ရှိတွင် တိုက်ပွဲဖော်ဆောင်ခြင်းများမရှိသော်လည်း တိုက်ခိုက်မှုများလုပ်ဆောင်ရန်အတွက် စုဖွဲ့ခြင်း၊ လေ့ကျင့်ပြင်ဆင်ခြင်းများလုပ်ဆောင်နေကြသည်ကို စစ်ကောင်စီက သိရှိပြီးဖြစ်ပြီး ထိုအချက်သည် တိုက်ခိုက်ခြင်းပင်ဖြစ်သဖြင့် လိုအပ်သည့် ကာကွယ်ရေးဆိုင်ရာလုပ်ငန်းများကို စစ်တပ်က လုပ်ဆောင်သွားမည်ဟု စစ်ခေါင်းဆောင်က ပြောဆိုခဲ့သည်။
ဓါတ်ပုံ – ငလျင်ဘေးဒဏ်သင့်သူများ၏ ကုသသောနေရာသို့ စစ်ခေါင်းဆောင်သွားရောက်စဉ်(MRTV)