ပြည်သူ့ ကာကွယ်ရေးတပ်မတော်-PDF မှ ဥပဒေဘောင်အတွင်းသို့ ဝင်ရောက်ခဲ့သည့် အမျိုးသမီး နှစ်ဦးနှင့် ၃၀ ဦးတို့ကို အုပ်ထိန်းသူများထံ ပြန်လည် လွဲပြောင်းပေးခဲ့သည်ဟု စစ်ကောင်စီ၏ ကြေးမုံသတင်းစာတွင် ဖော်ပြထားသည်။
PDF တပ်ဖွဲ့ဝင် ၃၂ ဦးသည် Type-81 အမျိုးအစား သေနတ် ငါးလက်၊ ကျည်အိမ် ၁၃ ခု၊ ကျည်အတောင့် ၉၀၀ နှင့် လက်ပစ်ဗုံး ငါးလုံးတို့ကို ယူဆောင်လာ၍ ဥပဒေဘောင်အတွင်းသို့ ဝင်ရောက်လာသည်ဟု စစ်ကောင်စီက ပြောဆိုထားသည်။
စစ်ကောင်စီ၏ ယခုကဲ့သို့ ဖော်ပြမှုများနှင့်ပတ်သက်၍ မုံရွာဒေသအတွင်းရှိ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးက” မကြားမိဘူးဗျ။ မဖြစ်နိုင်ပါဘူး။ ပြီးတော့ ဆုကြေးငွေ ပေးတယ်ဆိုကတည်းက မယုံတော့ပါဘူး။ ဖြစ်မှ မဖြစ်နိုင်တာ သူတို့က စစ်မှုထမ်းခိုင်းဖို့ အကုန် ဖမ်းနေတာ မိဘတွေဆီ ပြန်လည် အပ်တယ်ဆိုတာရော” ဟု ပြောသည်။
စစ်ကောင်စီမှ လက်နက်ယူဆောင်လာသည့် သူများကို သေနတ်တစ်လက်လျှင် သိန်း၅၀ ကျပ်၊ လက်ပစ်ဗုံး တစ်လုံးလျှင် ကျပ် ၃ သိန်း ပေးအပ်ခဲ့ပြီး ဥပဒေဘောင်အတွင်း ပြန်လည်ဝင်ရောက်လာသူများကို သိန်းပေါင်း ၁၄၀ ပေးအပ်ခဲ့သည်ဟု ဆိုထားသည်။
ယခု PDF တပ်ဖွဲ့ဝင် ၃၂ ဦးသည် မန္တလေး၊ အမရပူရ၊ စဉ့်ကူး၊ တံတားဦး၊ ချမ်းအေးသာစံ၊ ကြည့်မြင်တိုင်၊ သင်္ဃန်းကျွန်း၊ စစ်ကိုင်း၊ မုံရွာ၊ နောင်ချို၊ မဘိမ်း၊ အောင်ပန်း စသည့် ဒေသများမှ ဖြစ်သည်ဟု စစ်ကောင်စီက ထုတ်ပြန်ထားသည်။
CDM ဗိုလ်ကြီး ဇင်ယော်က “နယ်မြေအစုံက ဆိုရင်တော့ ဖြစ်နိုင်တယ်ဗျ။ ငလျင်ထိခိုက်မှုနောက်ပိုင်း ပထမ ရှင်ကွဲ ကွဲတာကနေ သေကွဲ ကွဲတာဖြစ်လာတယ်။ တချို့ကျတော့လည်း တိုက်တယ်။ အမြဲတမ်း တိုက်နေရတဲ့အခါကျတော့လည်း စစ်က အီလာတယ်ပေါ့နော်။ ဒါက တပ်ဖွဲ့ရဲ့ သဘောပဲ။ ဒီသတင်းက နယ်မြေစုံက အားလုံးပေါင်းတာဆိုတော့လည်း မဖြစ်နိုင်ဘူးလို့တော့ ပြောလို့မရဘူးပေါ့။ ဖြစ်နိုင်တယ်ဆိုပြီးတော့ ထောက်ခံတာတော့ မဟုတ်ဘူးပေါ့” ဟု မှတ်ချက်ပြုပြောသည်။
ယခုဖြစ်စဉ်မျိုး နောင်တွင် မဖြစ်လာစေရန် တိုင်းရင်းသားလက်နက်ကိုင်များ၊ PDF တပ်ဖွဲ့ဝင်များအနေနှင့် ‘တပ်ထွက်ခွင့်’ စည်းကမ်းနှင့် တပ်နေပျော်ရေးစီမံချက်များကို သီးခြားသတ်မှတ်ထားသင့်သည်ဟု ၎င်းက အကြုံပြုပြောဆိုသည်။