မြန်မာနိုင်ငံမှာ သံဖြူအများဆုံး ထွက်ရှိတဲ့ ‘ဝ’ ဒေသမှာ မကြာခင်အချိန်အတွင်း သတ္တုတူးဖော်ရေးလုပ်ငန်းတွေ ပြန်လည်စတင်ဖို့နီး ကပ်လာပြီဖြစ်တဲ့အတွက် ‘ဝ’ဒေသမှာ သတ္တုတူးဖော်ရေးပါမစ် ထုတ်ပေးဖို့ အစည်းအဝေး တစ်ရပ်ကို ပြီးခဲ့တဲ့ ဧပြီလ ၂၃ ရက်က ကျင်းပခဲ့တယ်လို့ နိုင်ငံတကာသံဖြူထုတ်လုပ်သူများအသင်း – ITA – International Tin Association က ဧပြီ လ ၂၄ ရက် ကြာသပတေးနေ့မှာ ထုတ်ပြန်ခဲ့ပါတယ်။
ဧပြီလ ၂၃ ရက်က ကျင်းပခဲ့တဲ့ အဲဒီအစည်းအဝေးကို ‘ဝ’ပြည်နယ်အစိုးရ စက်မှုနှင့် သတ္တုတူးဖော်ရေးဗျူရိုက တာဝန်ရှိသူတွေနဲ့ မန်းမော်ဒေသမှာ အရင်က သတ္တုတူးဖော်ခဲ့ကြတဲ့ ကုမ္ပဏီက တာဝန်ရှိသူတွေအပြင် သတ္တုတွင်း ရင်းနှီးမြှုပ်နှံသူတွေနဲ့ အခြားခေါင်းဆောင်တွေ တက်ရောက်ခဲ့ကြပြီး Manxiang ဒေသမှာ သတ္တုတူးဖော်ရေး၊ ရှာဖွေရေးနဲ့ စိစစ်ရေးလိုင်စင် လျှောက်ထားခြင်းဆိုင်ရာ ကိစ္စရပ်တွေကို ဆွေးနွေးခဲ့ကြတယ်လို့ ITA က ဆိုပါတယ်။
အဲဒီအစည်းအဝေးကို ဧပြီလ ၁ ရက်မှာ ကျင်းပဖို့ အရင်က စီစဉ်ခဲ့ပေမယ့်လည်း မတ်လနှောင်းပိုင်းတုန်းက မြန်မာနိုင်ငံမှာ လှုပ်ခတ်ခဲ့တဲ့ မြေငလျင်ကြောင့် အစည်းအဝေး ကျင်းပမယ့်ရက် ရွှေ့ဆိုင်းခဲ့ရပါတယ်။
ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ် ဩဂုတ်လမှာတော့ ‘ဝ’ဒေသတွင်းမှာ သတ္တုတူးဖော်တာတွေကို ‘ဝ’ ပြည်နယ်အစိုးရက ရပ်ဆိုင်းခဲ့ပါတယ်။ အဲဒီလို သတ္တုတူးဖော်တာတွေ မရပ်ဆိုင်းခင်အချိန်အထိ ‘ဝ’ ဒေသဟာ မြန်မာနိုင်ငံမှာ သံဖြူ အများဆုံး ထွက်ရှိတဲ့ ဒေသဖြစ်ခဲ့ပြီး ကမ္ဘာ့အဆင့် ၃ နေရာမှာ ရပ်တည်ခဲ့ပါတယ်။
မြန်မာနိုင်ငံ အရှေ့မြောက်ပိုင်းမှာ တည်ရှိတဲ့ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ‘ဝ’ ပြည်နယ်ဟာ တရုတ်နိုင်ငံကို သံဖြူတင်သွင်းမှု အကြီးမားဆုံး ရင်းမြစ်ဖြစ်တဲ့အတွက် ၂၀၂၃ ခုနှစ် ဩဂုတ်လမှာ ‘ဝ’ပြည်နယ်အတွင်း သံဖြူနဲ့ အခြားသတ္တုတူးဖော်ရေးလုပ်ငန်းတွေ ရပ်ဆိုင်းလိုက်ခြင်းက တရုတ်နိုင်ငံအပေါ် အကြီးမားဆုံးသော ရိုက်ခတ်မှု တစ်ခု ဖြစ်လာနိုင်တယ်လို့ မျှော်လင့်ရကြောင်း ITA က ဆိုခဲ့ဖူးပါတယ်။
လက်ရှိအချိန်မှာတော့ အာဏာပိုင်တွေက သတ္တုတူးဖော်ရေးအတွက် ပေးဆောင်ရမယ့် အခွန်ငွေကြေးကို ၂၀၂၃ ခုနှစ် ဒီဇင်ဘာလတုန်းက သတ်မှတ်ထားတဲ့ ပမာဏထက် သိသိသာသာ တိုးမြှင့်ခဲ့တယ်လို့လည်း ITA ဖော်ပြချက်အရ သိရပါတယ်။
ပြောင်းလဲသတ်မှတ်လိုက်တဲ့ အခကြေးငွေက လက်တွေ့မြေပြင်မှာ လုပ်ကိုင်နေကြတဲ့ လုပ်ငန်းတွေအပေါ် သက်ရောက်မှုရှိလာမှာဖြစ်သလို အသေးစားနဲ့ အလတ်စားစက်ရုံတွေအတွက်လည်း ကုန်ကျစရိတ် ကြီးမားလာမှာ ဖြစ်တဲ့အတွက် လုပ်ငန်း ပြန်လည် စတင်နိုင်ဖို့ ပိုပြီး ခက်ခဲစေနိုင်တယ်လို့လည်း ITA က ပြောပါတယ်။
‘ဝ’ပြည်နယ်ဟာ မြန်မာနိုင်ငံ သံဖြူစုစုပေါင်းရဲ့ ၇၀ ရာခိုင်နှုန်းကို ပြည်ပနိုင်ငံတွေဆီ တင်ပို့ရောင်းချနေတာ ဖြစ်သလို ကမ္ဘာ့ တတိယ သံဖြူ အများဆုံး တင်ပို့သူဖြစ်ပြီး တရုတ်နိုင်ငံကို အများဆုံး တင်ပို့ရောင်းချသူလည်း ဖြစ်ပါတယ်။
သတ္တုတူးဖော်ခွင့် ၂ နှစ်နီးပါးကြာ ပိတ်ပင်တားမြစ်ထားတဲ့ ‘ဝ’ ပြည်နယ်မှာ မကြာခင်မှာတော့ သတ္တုတူးဖော်ရေး လုပ်ငန်းတွေ ပြန်ပြီး စတင်နိုင်လိမ့်မယ်လို့ ကုန်သည်တွေက မျှော်လင့်နေကြပါတယ်။
စစ်ကောင်စီ ထိန်းချုပ်မှုအောက် ကျရောက်နေတဲ့ မြန်မာနိုင်ငံရဲ့ ဒေသအများစုနဲ့ မတူတဲ့ ‘ဝ’ ပြည်နယ်ဟာ ကိုယ်ပိုင်နိုင်ငံရေး၊ ကိုယ်ပိုင်စစ်ရေးနဲ့ ကိုယ်ပိုင်စီးပွားရေးကို ထိန်းသိမ်းထားနိုင်တဲ့ ပြည်နယ်တစ်ခုဖြစ်တဲ့အတွက် ပြည်နယ်ရဲ့ အကျိုးစီးပွားတွေကို ထိထိရောက်ရောက် ဆောင်ရွက်နိုင်တဲ့ ဒေသ တစ်ခု ဖြစ်ပါတယ်။
၂၀၂၃ ခုနှစ် ဩဂုတ်လမှာတော့ ဒေသတွင်း သတ္တုအရင်းအမြစ်တွေကို ကာကွယ်နိုင်ဖို့အတွက် ‘ဝ’ ပြည်နယ် အစိုးရခေါင်းဆောင်တွေဟာ ဒေသတွင်းမှာ ရှိတဲ့ သတ္တုလုပ်ငန်းအားလုံးကို ရပ်ဆိုင်းခဲ့ပါတယ်။
Ref: Internationaltin, Bangkok Post







