အမီးလေး
မြန်မာ ငလျင်ဘေးဒဏ်သင့် ပြည်သူများအတွက် ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့တွင် ရန်ပုံငွေ ဂီတဖြေဖျော်ပွဲအား ဧပြီလ ၂၅ ရက် ညနေ ၅ နာရီတွင် ကျင်းပသွားမည်ဟု မြန်မာပြည်ဖွားဂေါ်ရ်ခါး လူငယ်အစည်းအရုံးမှ တာဝန်ရှိသူ ကိုရိန်းက ပြောသည်။
ထိုရန်ပုံငွေ ဂီတပွဲအား ချင်းမိုင်မြို့ရှိ Tha Phae East စားသောက်ဆိုင်နှင့် ဘားတွင် ပြုလုပ်သွားမည် ဖြစ်ပြီး တိုင်းရင်းသား အစားအသောက်များလည်း ရောင်းချသွားမည်ဖြစ်ရာ ပါဝင်နိုင်ရန် လက်မှတ်တစ်စောင်အား ထိုင်းဘတ်ငွေ ၁၀၀ သတ်မှတ်ထားသည်ဟု သိရသည်။
“ထိုင်းနိုင်ငံရောက် ဂေါ်ရ်ခါးလူငယ်အစည်းအရုံးနဲ့ ကျန်တဲ့ လူငယ်ဂီတအဖွဲ့တွေနဲ့ ဦးဆောင်ပြီးတော့ လုပ်တာဖြစ်ပါတယ်။ ပြီးတော့ အဓိကလုပ်ရတဲ့ အကြောင်းအရင်းတွေက ကျနော်တို့ မြန်မာနိုင်ငံမှာ ဖြစ်ပျက်နေတဲ့ သဘာဝဘေးနဲ့ ကြုံတွေ့နေရတဲ့ ငလျင်ဘေးသင့်တွေအတွက် ထောက်ပို့ လုပ်ပေးဖို့ လုပ်တာဖြစ်ပါတယ်” ဟု ၎င်းက ပြောသည်။
ယင်း ရန်ပုံငွေပွဲမှ ရရှိလာသည့် ရန်ပုံငွေများအား ငလျင်ဒဏ်ခံရသည့် မန္တလေး၊ စစ်ကိုင်းနှင့် အင်းလေးတို့တွင် အဓိက ကူညီသွားမည်ဖြစ်ပြီး ဂီတဖျော်ဖြေပွဲတွင် ထိုင်းဂီတပညာရှင်များလည်း ပါဝင် ဖျော်ဖြေသွားမည်ဟု သိရသည်။
မြန်မာနိုင်ငံတွင် ပြီးခဲ့သည့် မတ်လ ၂၈ ရက်က ပြင်းအား ၇ ဒဿမ ၇ ရစ်ချ်တာစကေး ရှိသည့် ငလျင်တစ်ခု လှုပ်ခတ်သွားပြီး လူပေါင်း ၄၀၀၀ နီးပါးခန့် သေဆုံးခဲ့သည်။ ယင်းငလျင်ဒဏ်သင့်ဒေသမှ ပြည်သူများမှာလည်း လက်ရှိအချိန်ထိ အမိုးအကာမဲ့နေနေရဆဲ ဖြစ်သည်။