ခင်သရဖီဦး
မြေပုံမြို့နယ်ရှိ တောင်ပေါ် ဒုက္ခသည်စခန်းတွင် ၁၃ နှစ်ကြာ နေထိုင်နေသည့် မူဆလင် ဒုက္ခသည် ၄၀၀၀ ခန့်မှာ ၎င်းတို့ လစဉ်ရရှိနေသည့် ထောက်ပံ့ကြေး လုံးဝရပ်ဆိုင်းသွားသည့် အတွက် စားဝတ်နေရေး ပိုမိုကြပ်တည်းနေသည်ဟု ဒုက္ခသည်များက ပြောသည်။
၂၀၁၂ ခုနှစ်တွင် ဖြစ်ပွားခဲ့သည့် လူမျိုးရေးပဋိပက္ခမှစ၍ လက်ရှိအချိန်အထိ အဆိုပါ ဒုက္ခသည်စခန်းတွင် နေထိုင်သူများသည် ယခင်က ကုလသမဂ္ဂ ကမ္ဘာစားနပ်ရိက္ခာအစီအစဉ် (WFP) ၊ ICRC စသည့် အဖွဲ့အစည်းများမှ ထောက်ပံ့ကြေးများဖြင့် စားဝတ်နေရေး အနည်းငယ် ဖုံလုံမှု ရှိခဲ့သည်။ သို့သော် ၂၀၂၄ ခုနှစ် မေမှ စတင်ကာ ထောက်ပံ့ကြေးများ လုံးဝ ရပ်ဆိုင်းခံလိုက်ရသည်မှာ တစ်နှစ်ကြာပြီ ဖြစ်သောကြောင့် စားဝတ်နေရေး ပိုမိုကျပ်တည်းနေသည်ဟု သိရသည်။
ဒုက္ခသည်စခန်းတွင် နေထိုင်သူ အသက် ၄၅ နှစ်အရွယ် ဒေါ် ရာကီမာက “ထောက်ပံ့ကြေး မရတာကတော့ အခုလာမယ့် ၅လပိုင်းဆိုရင် တစ်နှစ်ပြည့်တော့ပါမယ်။ အရင်ဆိုရင်တော့ ဆန်၊ ဆီ၊ ဆားတွေ ရတာပေါ့လေ။ နောက်ပြီး ပိုက်ဆံရတာလည်းရှိတယ်။ အခုကတော့ မရတော့ဘူး။ မိသားစုတွေမှာ အလုပ်အကိုင် မရှိတာတွေ များတော့ တစ်နပ်မစား တစ်နပ်စားနဲ့ ဒုက္ခတွေ အများကြီး ကြုံတွေ့နေရပါတယ်” ဟု ပြောသည်။
ယခင်က ဒုက္ခသည်စခန်းတွင် နေထိုင်သူ တစ်ဦးလျှင် WFP မှ ကျပ် သုံးသောင်းနှင့် ညီမျှသည့် စားနပ်ရိက္ခာများ ထောက်ပံ့ပေးပြီး သယ်ယူပို့ဆောင်ရေး အခက်အခဲရှိပါက ကျပ်သုံးသောင်းအား ထောက်ပံ့ကြေး အဖြစ် ပေးသည်ဟု သိရသည်။
သို့သော် ကုလသမဂ္ဂ ကမ္ဘာစားနပ်ရိက္ခာအစီအစဉ် WFP ၏ ရန်ပုံငွေ လိုအပ်ချက်ကြောင့် ဧပြီလမှ စတင်၍ မြန်မာနိုင်ငံရှိ လူဦးရေးတစ်သန်းကျော်အတွက် အသက်ကယ်ဆယ်ရေး စားနပ်ရိက္ခာအကူအညီများ ရပ်ဆိုင်ထားခြင်းဖြစ်သည်။
ထို့ကြောင့် ရခိုင်ပြည်ရှိ မူဆလင်ဒုက္ခသည်များနှင့် စစ်ဘေးရှောင်များမှာ စားဝတ်နေရေး ကြပ်တည်းမှုကို ရင်ဆိုင်နေကြရခြင်း ဖြစ်သည်။
ထို့အပြင် မူဆလင်ဒုက္ခသည်များအား အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ ICRC မှ လောင်စာထောက်ပံ့မှု ရပ်ဆိုင်းလိုက်ခြင်းကြောင့် အခက်အခဲများ ရှိနေသည်ဟု စခန်းတာဝန်ခံထံမှ သိရသည်။
“အရင်ကတော့လေ ICRC ကနေပြီးတော့ လောင်စာ ထောက်ပံ့ပေးတယ်။ တစ်အိမ်ကို လောင်စာက ပိဿာ ၂၀ ပေးတယ်။ အခုကတော့ မပေးတာကလည်း တစ်နှစ်နီးပါး ရှိတော့မယ်။ ကျနော်တို့မှာ ဆန်မရှိရင် ချေးစားလို့ ရသေးတယ်။ အခုက လောင်စာ မရှိတာဆိုတော့ ပိုခက်ခဲတယ်။ ချေးငှားလို့ မရဘူးလေ။ အနီးအနားက တောင်တွေကိုလည်း တက်လို့မရတော့ ပိုဆိုးတာပေါ့” ဟု စခန်းတာဝန်ခံ ဦးမောင်တင်အောင်က ပြောသည်။
မူဆလင် ဒုက္ခစခန်းတွင် လက်ရှိနေထိုင်သည့် အမျိုးသားများမှာ ရေထမ်း၊ ကုန်ထမ်းအလုပ်များနှင့် နေ့စား အလုပ်များအား လုပ်ကိုင်နေရပြီး အမျိုးသမီးများမှာ အဝတ်လျှော်သည့် အလုပ်များ လုပ်ကိုင်ကာ စားဝတ်နေရေး ဖြေရှင်းနေရသည်ဟု ဆိုသည်။
မြေပုံတောင်ပေါ် မူဆလင်ဒုက္ခသည်စခန်းတွင် လူဦးရေး ၃၈၀၀ ခန့်၊ အိမ်ခြေ ၇၂၀ ခန့်ရှိပြီး ရခိုင်ပြည်တွင် စစ်ရေးပဋိပက္ခပြင်းထန်နေခြင်းကြောင့် အလုပ်အကိုင်ရှားပါးခြင်းနှင့် ထောက်ပံ့ကြေး ရပ်ဆိုင်းလိုက်ခြင်း တို့ကြောင့် စားဝတ်နေရေး ကြပ်တည်းခြင်းကို ရပ်ဆိုင်းနေကြရခြင်းဖြစ်သည်။
ပုံစာ- မြေပုံမြို့နယ်က မူဆလင်ဒုက္ခသည်စခန်းတွင် နေထိုင်သည့် အမျိုးသမီးတစ်ဦး (ဓါတ်ပုံ- သံလွင်ခက်)