ဘုန်းမောင်
မြန်မာနိုင်ငံတွင် ပြီးခဲ့သော မတ်လအတွင်းက လူထောင်ပေါင်းများစွာ သေဆုံးစေခဲ့သော ပြင်းအားရစ်ချ်တာစကေး ၇ ဒဿမ ၇ အဆင့်ရှိ မြေငလျင်လှုပ်ခတ်ခဲ့ပြီး လက်ရှိအချိန်မှာတော့ မြန်မာနိုင်ငံသည် အဆိုပါ ငလျင်ဘေးဆိုးကြီးကနေ တဖြည်းဖြည်းချင်း ရုန်းထလာနေပြီဖြစ်သည်။ တစ်ချိန်တည်းမှာပဲ မြေငလျင်ဘေးဆိုးကြီးထက် ပို၍ ကြီးမားသော ကပ်ဆိုးကြီး တစ်ခုကလည်း မြန်မာပြည်သူများ၏ အနာဂတ်ကို ဆက်လက် ပုံဖော်လျက်ရှိနေပါသည်။
မြန်မာနိုင်ငံတွင် ပြည်တွင်းစစ်က ဆက်လက် ဖြစ်ပွားနေဆဲသာဖြစ်ပြီး ၄ နှစ်ကြာမြင့်ခဲ့ပြီဖြစ်သည့် တိုက်ပွဲများ နောက်ပိုင်းမှာတော့ စစ်ကောင်စီသည် စစ်မှုထမ်းဥပဒေပြဋ္ဌာန်းကာ ဆုံးရှုံးသွားသောစစ်အင်အားကို ပြန်လည် ဖြည့်တင်းလျက်ရှိနေသည်။
သို့သော် လာမည့်နှစ်များအတွင်းမှာတော့ စစ်ကိုင်းငလျင်၏ သက်ရောက်မှုက မြန်မာ့ပဋိပက္ခများအတွက် ပြတ်သားသော သက်သေပြချက်တစ်ခု ဖြစ်လာနိုင်ပါသည်။
မြန်မာနိုင်ငံအလယ်ပိုင်း စစ်ကိုင်းတိုင်းဒေသကြီးတွင် မတ်လ ၂၈ ရက်က လှုပ်ခတ်ခဲ့သော ငလျင်ကြောင့် အနည်းဆုံး လူ ၃,၆၄၉ ယောက် သေဆုံးခဲ့ပြီး ၅,၀၀၀ ကျော် ဒဏ်ရာရရှိခဲ့ကာ ၁၄၅ ဦးကတော့ ပျောက်ဆုံးနေဆဲ ဖြစ်သည်ဟု မြန်မာစစ်ကောင်စီက ထုတ်ပြန်ထားသော စာရင်းများအရ သိရသည်။ (အမှန်တကယ်စာရင်းက စစ်ကောင်စီ ဖော်ပြသည်ထက် ပိုမိုများပြားနိုင်ပါသည်။)
ငလျင်လှုပ်ခတ်မှုကြောင့် စစ်ကိုင်းနှင့် မန္တလေးမြို့အနီးတဝိုက်ရှိ လူနေအိမ်များ၊ စက်ရုံများ၊ ဗုဒ္ဓဘာသာဘုရား စေတီများ၊ လူနေတိုက်ခန်းများနှင့် တံတားများ ပြိုကျပျက်စီးကာ လမ်းများလည်း ပျက်စီးခဲ့ရသည်။
ယင်းအပြင် မြန်မာစစ်တပ်အတွက် ခဲယမ်းများ ထုတ်လုပ်ပေးနေသည့် စက်ရုံများသို့ လျှပ်စစ်ဓာတ်အား ပို့လွှတ်နေမှုများ ပြတ်တောက်သွားခဲ့သည်ဟု ၂၀၂၂ ခုနှစ်က CDM လုပ်ခဲ့သည့် ခမရ – ၅၈၅ က ဒုတပ်ရင်းမှူး ဗိုလ်မှူးဟောင်း တင်လင်းအောင်က ပြောသည်။
မြန်မာစစ်ကောင်စီတပ်များထံကနေ မကြာသေးမီက သိမ်းဆည်းရမိခဲ့သော ကျည်ဆန်နှင့် အမြောက်ကျည်များသည် ယခုနှစ် ရက်စွဲဖြင့် ထုတ်လုပ်ထားသော ထောက်ပံ့ရေးပစ္စည်းများ ဖြစ်ကြသည်ဟုလည်း ၎င်းက ပြောသည်။
“ကျွန်တော် စစ်မှုထမ်းနေတုန်းက ဟာသတစ်ခု ရှိတယ်ဗျ။ ငါတို့ သုံးနေတဲ့ ကျည်ဆန်တချို့က ငါတို့ အသက်ထက်တောင် ပိုကြီးနေပါရောလား ဆိုတဲ့ ဟာသပါ” ဟု ဗိုလ်မှူးဟောင်း တင်လင်းအောင်က ပြောသည်။
“အခုတော့လည်း ခုထုတ် ခုသုံးဖြစ်နေပါပြီ” ဟု ၎င်းက ဆိုသည်။
မြန်မာစစ်တပ် ထိန်းချုပ်ထားဆဲ နယ်မြေများအား ဝါရင့်တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့များနှင့် နွေဦးတော်လှန်ရေးကာလအတွင်း အသစ် ပေါ်ပေါက်လာသော လက်နက်ကိုင် အတိုက်အခံအင်အားစုများက ဘက်ပေါင်းစုံနီးပါးကနေ ဝိုင်းရံပိတ်ဆို့တိုက်ခိုက်လျက်ရှိနေသောကြောင့် မြန်မာစစ်တပ်၏ ခဲယမ်းမီးကျောက် ထုတ်လုပ်မှုများကို အနှောင့်အယှက်ဖြစ်စေသည်ဟု ပြည်တွင်းသတင်းများအရ သိရသည်။
သို့သော်ငြားလည်း စစ်တပ်သည် နိုင်ငံ၏ အဓိကကျသော မြို့ကြီးများနှင့် အဓိက အရေးပါသော အခြေခံ အဆောက်အအုံများအား ဆက်လက် ထိန်းချုပ်ထားဆဲဖြစ်သည်။
မြန်မာစစ်တပ်သည် မြို့ပြအမာခံနယ်မြေများတွင် အရပ်သား၊ စစ်သား ခွဲခြားမှု မရှိသော လေကြောင်းတိုက်ခိုက်မှုများနှင့် ကျေးလက်ဒေသများရှိ ရွာများကို မီးရှို့ခြင်းများ အပြင်းအထန် ဆောင်ရွက်ကာ ၎င်းတို့ ဆုံးရှုံးသွားခဲ့သော နယ်မြေများကို ပြန်လည်သိမ်းပိုက်နိုင်ရန် ကြိုးပမ်းလျက်ရှိသည်။
စစ်တပ်ထက် ပိုအရှိန်ပြင်းတဲ့ PDF တွေ
ငလျင်ဒဏ် အပြင်းအထန် ခံစားခဲ့ရသော စစ်ကိုင်းမြို့သည် ပျက်စီးဆုံးရှုံးမှုများခဲ့ပြီး စစ်တပ်ထိန်းချုပ်မှုအောက် ကျန်ရှိနေသေးသော်လည်း အနီးပတ်ဝန်းကျင်ရှိ ကျေးလက်ဒေသအများစုကိုတော့ အမျိုးသားညီညွတ်ရေးအစိုးရ – NUG လက်အောက်ခံ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ – PDF များက ထိန်းချုပ်ထားသည်။
ငလျင်ဒဏ်သင့်ဒေသများ၌ “ခုခံစစ်” ကလွဲပြီး ဧပြီလ ၂၀ ရက်အထိ အပစ်အခတ်ရပ်စဲထားမည်ဟု NUG က ကြေညာထားသော်လည်း မြန်မာစစ်တပ်ကတော့ ၎င်းတို့၏ စစ်ဆင်ရေးများကို ဆက်လက် လုပ်ဆောင်လျက်ရှိသည်။
ငလျင်များ လှုပ်ခတ်ခဲ့သည့် မတ်လ ၂၈ ရက်ကနေ ဧပြီလ ၈ ရက်အတွင်း မြန်မာစစ်တပ်၏ လေကြောင်းနှင့် အမြှောက်များဖြင့် ပစ်ခတ်တိုက်ခိုက်မှုကြောင့် အရပ်သား ၇၂ ဦးထက်မနည်း သေဆုံးခဲ့သည်ဟု NUG ထုတ်ပြန်ချက်အရ သိရသည်။ ဧပြီလ ၁၀ ရက်တွင်လည်း စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုကြောင့် အသက် ၁၃ နှစ်အရွယ် မိန်းကလေး တစ်ဦးအပါအဝင် အရပ်သား နှစ်ဦး သေဆုံးခဲ့သည်ဟု Myanmar Now သတင်းဌာနက ဖော်ပြခဲ့သည်။
တော်လှန်ရေးတပ်ဖွဲ့အချို့ကတော့ မြန်မာနိုင်ငံအလယ်ပိုင်းတွင် ကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ရန် လှုံ့ဆော်ခဲ့ကြသည်ဟု အမည်မဖော်လိုသော စစ်ကိုင်းအခြေစိုက် PDF တိုက်ခိုက်ရေးသမား တစ်ဦးက ပြောသည်။
“ငလျင်လှုပ်ပြီးကတည်းက မြန်မာစစ်တပ်က အပစ်အခတ်ရပ်စဲရေးကြောင့် စစ်ကိုင်း – မုံရွာလမ်းကို ယုံကြည်မှု ရှိရှိနဲ့ ပိုပြီး အသုံးပြုလာခဲ့တယ်” ဟု သူက ပြောသည်။ သို့သော် အပစ်အခတ်ရပ်စဲရေး ပြီးဆုံးမည့် ဧပြီလနောက်ပိုင်းမှာတော့ တိုက်ပွဲများ ပိုမိုပြင်းထန်လာနိုင်သည်ဟု စစ်ကိုင်းရှိ PDF များက မျှော်လင့်ထားကြသည်။
“ဒီမှာက PDF တွေက စစ်တပ်ထက် ပိုပြီး အရှိန်ပြင်းတယ်။ နောက်ပြီး လက်ရှိအချိန်မှာတော့ NUG က တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေနဲ့ ပိုပြီး ကောင်းမွန်တဲ့ ညှိနှိုင်းရေးမျိုး ဆောင်ရွက်ထားနိုင်ခဲ့တယ်” ဟုလည်း သူမက အယ်လ်ဂျားဇီးယားကို ပြောသည်။
“လာမယ့် လတွေမှာတော့ တိုက်ပွဲတွေ ပိုဖြစ်လာလိမ့်မယ်” ဟု စစ်ကိုင်း PDF တပ်ရင်း ၃ က ကိုကိုကြီးက ပြောသည်။
ဒေသတွင်း လုံခြုံရေးလေ့လာဆန်းစစ်သူ အန်သိုနီ ဒေးဗစ်ကတော့ ငလျင်ကြောင့် မြန်မာစစ်တပ်က ၎င်း၏ ဗျူဟာမြောက်ရည်မှန်းချက်များကနေ အာရုံပြောင်းလာလိမ့်မည်ဆိုသည့်အပေါ် သံသယရှိကြောင်း ပြောဆိုခဲ့ပြီး စစ်သားအများစုသည် ကယ်ဆယ်ရေးလုပ်ငန်းများတွင် ပါဝင်ကူညီနေရမည့်အစား ၎င်းတို့ ကင်းစခန်းများတွင်သာ ရှိနေကြသည်ဟုလည်း ပြောသည်။
“စစ်တပ်က ပြည်သူတွေကို ကယ်တင်ဖို့ အချိန် မရှိပါဘူး။ သူတို့က လေကြောင်းတိုက်ခိုက်မှုတွေကို ဆက်ပြီး ဆောင်ရွက်နေသလို PDF တွေ အားနည်းသွားအောင် မြေပြင်ထိုးစစ်တွေလည်း လုပ်ဆောင်လာနေပါတယ်” ဟု ဒေးဗစ်က ပြောသည်။
ငလျင်ဒဏ်က လွတ်မြောက်ခဲ့သော မြန်မာနိုင်ငံအနောက်ပိုင်းရှိ ရခိုင်ပြည်နယ်မှာတော့ အဆိုးရွားဆုံး တိုက်ပွဲများ ဆက်လက်ဖြစ်ပွားလျက်ရှိသည်ဟုလည်း ၎င်းက ပြောသည်။
ရက္ခိုင့်တပ်တော် – AA သည် ရခိုင်ပြည်နယ်၏ မြို့တော်စစ်တွေနှင့် ကျောက်ဖြူမြို့အနီးတဝိုက်တွင် မြန်မာစစ်တပ်နှင့် တိုက်ပွဲများ ဆက်လက် ဖြစ်ပွားလျက်ရှိသည်။ အဆိုပါဒေသသည် မြန်မာနိုင်ငံကို ဖြတ်ပြီး တရုတ်နိုင်ငံသို့ ဓာတ်ငွေ့များ ပို့ဆောင်နေသည့် အဓိက ပိုက်လိုင်း တစ်ခု တည်ရှိရာ နေရာလည်း ဖြစ်သည်။
AA သည် နိုင်ငံအနောက်ဘက်ရှိ ၎င်းတို့ ဇာတိနယ်မြေကနေ မကွေး၊ ပဲခူးနှင့် ဧရာဝတီတိုင်းဒေသကြီးတို့ရှိ မြန်မာ့ဗဟိုချက်နေရာများသို့ ရောက်ရှိကာ စစ်ဆင်ရေးများ ဆောင်ရွက်လျက်ရှိနေသည်။
“AA က မြန်မာ့ပဋိပက္ခကို တစ်နည်းမဟုတ် တစ်နည်းနဲ့ သိသိသာသာ ပြောင်းလဲနိုင်မှာပါ” ဟုလည်း ဒေးဗစ်က ပြောသည်။
ခန့်မှန်းခြေအင်အား ၄၀,၀၀၀ ဝန်းကျင်ရှိ AA သည် စစ်ကောင်စီတပ်ဖွဲ့များကို ချေမှုန်းနိုင်ကြောင်း သက်သေပြနိုင်ခဲ့ပြီး ဖြစ်သည်။
ဆက်လက်ဖြစ်ပွားနေသော စစ်ပွဲများ၏ ဒဏ်ကို ခံနေကြရသော အိုးမဲ့အိမ်မဲ့များ၏ ဆင်းရဲဒုက္ခကို ငလျင်က ထပ်မံမီးမောင်းထိုးပြခဲ့သည်ဟု မြန်မာနိုင်ငံအရှေ့ပိုင်းရှိ ကရင်နီပြည်က အကြီးတန်းတော်လှန်ရေးတပ်မှူး တစ်ဦးက ပြောသည်။
“လာမယ့် တိုက်ပွဲတွေမှာတော့ ပြည်သူကို စောင့်ရှောက်လိုစိတ် ရှိတဲ့သူတွေဘက်က အနိုင်ရမှာပါ” ဟုလည်း ၎င်းက ပြောသည်။
နိုင်ငံမြောက်ပိုင်းနှင့် အရှေ့မြောက်ပိုင်းတို့တွင်လည်း စစ်တပ်က နောက်ပြန်ဆုတ်နေရသည်။
၈ လကြာ ဝန်းရံပိတ်ဆို့တိုက်ခိုက်ပြီးနောက်မှာတော့ ကချင်လွတ်မြောက်ရေးတပ်မတော် – KIA က စစ်ကိုင်းတိုင်းမြောက်ပိုင်းရှိ အင်းတော်မြို့ကို သိမ်းပိုက်နိုင်ခဲ့သည်။ ချင်းတော်လှန်ရေးတပ်ဖွဲ့များကလည်း နိုင်ငံ အနောက်ပိုင်းရှိ ဖလမ်းမြို့ကို မကြာသေးမီကပဲ ထိန်းချုပ်နိုင်ခဲ့သည်။
နိုင်ငံရေးလေ့လာသုံးသပ်သူ ကိုကျော်ဆန်းလှိုင်ကလည်း ငလျင်လှုပ်ခတ်ပြီးနောက်ပိုင်း မြန်မာစစ်တပ် အနေဖြင့် ရုန်းကန်နေရဆဲဖြစ်ပြီး ယင်းအချက်ကပင် AA နှင့် ကျန်အဖွဲ့များအနေဖြင့် နောက်ထပ်မြို့များကို သိမ်းယူနိုင်ရန် လမ်းဖွင့်ပေးခြင်းဖြစ်နိုင်သည်ဟု ဆိုသည်။
အရေးပါသော စွက်ဖက်မှု
ငလျင်က စစ်အုပ်ချုပ်ရေးအပေါ် ပြတ်သားသော ထိုးနှက်ချက် တစ်ခု မဟုတ်သေးသော်လည်း ငလျင်သည် စစ်ကောင်စီဗိုလ်ချုပ်များကို တုန်လှုပ်ခြောက်ခြားစေခဲ့သည်ကတော့ အမှန်ပင်ဖြစ်သည်။
နက္ခတ်ဗေဒင်နှင့် အယူသည်းမှုများက နိုင်ငံရေးဆုံးဖြတ်ချက်များကို လမ်းညွှန်ပေးနေသည့် မြန်မာလို နိုင်ငံတွင် ယခုလို ငလျင်လှုပ်ခတ်ခဲ့ခြင်းက စစ်တပ်ခေါင်းဆောင်များကို အပြစ်ပေးဆုံးမခြင်းဖြစ်သည်ဟု အများစုက အဓိပ္ပါယ် ဖွင့်ဆိုကြသည်။
“အခု လှုပ်ခဲ့တဲ့ ငလျင်က ခေါင်းဆောင်တွေကို အပြစ်ပေးတာလို့ ပြည်သူအများစုက မြင်ကြတယ်။ ကျွန်တော် ကြားရတဲ့အတိုင်းဆိုရင်တော့ သူတို့က မင်းအောင်လှိုင်ကို တိုက်ရိုက်အပြစ်တင်တာမျိုးတော့ မဟုတ်ဘူးပေါ့။ ဒါပေမယ့်လည်း သူ့ဦးဆောင်မှုနဲ့ စွမ်းရည်နဲ့ ပတ်သက်လို့ကတော့ မေးစရာတွေ ရှိနေတယ်” ဟု ဗိုလ်မှူးဟောင်း တင်လင်းအောင်က ပြောသည်။
စစ်ကောင်စီက နိုင်ငံတဝှမ်းလုံးရှိ စစ်ကောင်စီဝန်ထမ်းများအား ပရိတ်ကြီး ၉ ရက် ရွတ်ရန် ညွှန်ကြားထားသည်ဟု သိရသည်။ ဗုဒ္ဓဘာသာဓလေ့ထုံးစံတွင် ၉ ဂဏန်းကို ကောင်းသော အမှတ်အသားအဖြစ် ယုံကြည်ထားသည်။
“လူတွေက သူတို့ကို ပိုပိုပြီး မုန်းတီးလာတယ်ဆိုတာကိုလည်း သူတို့တွေ သိကြပါတယ်” ဟု ၎င်းက ပြောသည်။
ငလျင်က စစ်အုပ်ချုပ်ရေးပြိုလဲခြင်း၏ နိမိတ်လက္ခဏာဖြစ်သောကြောင့် စစ်ကောင်စီအနေဖြင့် ၎င်းတို့ ထိန်းချုပ်မှုကို ပြန်လည် ရရှိရန် ပြတ်ပြတ်သားသား ဆောင်ရွက်လာနိုင်သည်ဟု အချို့သော သတင်းရင်းမြစ်များက အကြံပြုထားကြောင်း နိုင်ငံရေးလေ့လာသုံးသပ်သူ ကျော်ဆန်းလှိုင်က ဆိုသည်။
အယူသီးမှုသည် ပဋိပက္ခတွင် စစ်တပ်၏ ဆုံးဖြတ်ချက်များကို ပုံဖော်နေသည့် အကြောင်းရင်းများစွာထဲကမှ တစ်ခုဖြစ်သည်ဟုလည်း ၎င်းက ပြောသည်။
ငလျင်က မြန်မာနိုင်ငံ၏ အခြေခံ အဆောက်အအုံများကို ဆိုးဆိုးရွားရွား ပျက်စီးစေခဲ့သောကြောင့် မန္တလေးမြို့တွင် နေထိုင်သူများသည် အိုးအိမ်ပျက်စီးမှုများကြောင့် ပြောင်းရွှေ့ရဖွယ်ရှိသည်ဟု ICG မှ မြန်မာနိုင်ငံဆိုင်ရာ အကြီးတန်းအကြံပေးဖြစ်သူ ရစ်ချက်ဟော်ဆေးက ပြောသည်။
ငလျင်လှုပ်ခတ်မှုအတိုင်းအတာအရ ပြည်တွင်းစစ်ကို ထိခိုက်နိုင်ဖွယ်ရှိသည်ဟုလည်း ၎င်းက ပြောသည်။
မြန်မာစစ်တပ်သည် ငလျင်ဒဏ်ခံရသူများကို စိတ်ဝင်စားမှု မရှိသလို ထိရောက်သော ကယ်ဆယ်ရေးများ ဆောင်ရွက်ခဲ့ခြင်းမရှိဟု ဝေဖန်ခံနေရသည်နှင့်အညီ မြန်မာစစ်တပ်၏ ညံ့ဖျင်းသော ဂုဏ်သိက္ခာသည် ပြည်သူနှင့် အတိုက်အခံများအကြား ပို၍ပင် ကျဆင်းသွားခဲ့ရပါသည်။
မြန်မာ့ပဋိပက္ခတွင် ပါဝင်နေသော အင်အားကြီး တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များသည် ငလျင် လှုပ်ခတ်ပြီးနောက်ပိုင်း မြန်မာစစ်တပ်နှင့် ငြိမ်းချမ်းရေးအတွက် ညှိနှိုင်းရန် ပို၍ပင် ဆန္ဒရှိလိမ့်မည် မဟုတ်တော့ပါဟု ဟော်ဆေးက ဆိုသည်။
Ref: Could an earthquake shift the balance in Myanmar’s civil war?